ထားဝယ်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ် စစ်ဆေးနေ
ထားဝယ်မြို့မှာ သြဂုတ်လ ၁၉ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်သားတွေက လုံခြုံရေး ပိုမိုတင်းကျပ်ပြီး အသွား အလာတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေက စစ်ဆေးနေတာရှိပေမယ့် ဒီနေ့မှာတော့ ပိုတင်းကျပ်စစ်ဆေးနေတာ တွေ့ရတယ်လို့ အမည် မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
"ထားဝယ်မှာ အရင်နေ့တွေကထက် ပိုစစ်တယ်။ စစ်သားတွေစစ်တာ။ အိမ်က အစ်ကိုတောင် ဆိုင်ကယ် ဦးထုပ်မပါလို့ နှစ်သောင်းခွဲ ပေးလိုက်ရတယ်။ လိုင်စင်ပါ သိမ်းသွားတယ်"
ထားဝယ်မြို့မှာ စစ်သားတွေက မြို့အဝင်၊ အထွက် နဲ့ တံတား အတက်၊ အဆင်း စတဲ့နေရာတွေမှာ ပုံမှန် နေ့တွေနဲ့ မတူပဲ စစ်ဆေးမှုတွေ ရှိနေတာလို့ ပြောပါတယ်။
ထားဝယ်မြို့မှာ စစ်သား ၂၅ ယောက်ဟာ လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အခုလို စစ်ဆေးတာက ဒီသတင်းကြောင့် ဖြစ်နိုင်ကြောင်းလည်း သူကပြောပါတယ်။
အလားတူ မကွေးတိုင်းဒေသကြီး သရက်မြို့မှာရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံက စစ်သား ၁၅ ယောက် ဟာလည်း မနေ့ ဩဂုတ်လ ၁၈ ရက်နေ့က ထွက်ပြေးတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ ဒါဟာသတင်းမှားတွေသာ ဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူ တစ်ယောက်က ပြောဆိုကြောင်း စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက် ဝက်ဆိုက်မှာ ဒီနေ့ရေးသားထားပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို အာဏာဖီဆန် CDM လုပ်ပြီး ထွက်လာခဲ့ကြတဲ့ သူတွေထဲမှာ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင်နေပါတယ်။
လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က CDM စစ်သားတွေနဲ့ ရဲတွေကို ကုတ်နံပါတ် ထုတ်ဝေပေးပြီး အသိအမှတ်ပြု လုပ်ဆောင်သွားမယ်လို့ ဇူလိုင်လ ၃၁ ရက်နေ့က ကြေညာထားပါတယ်။