ကချင်ပြည်နယ် NDF ခေါင်းဆောင် ဒေါ်ဘောက် ဂျာ လွတ်မြောက်


2014.01.25

အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာဟာ ဖါးကန့်မြို့နယ် ရဲစခန်းမှာ ၆ လကျော်ကြာ ထိန်းသိမ်းခံထားရပြီး မနေ့က ပြန်လည် လွတ်မြောက်လာပါတယ်။

ဒေါ်ဘောက်ဂျာကို ပုဒ်မ ၃၀၄ (က) လူသေမှု၊ ပုဒ်မ ၄၁ ဆေးကောင်စီအက်ဥပဒေ၊ ပုဒ်မ ၃၃ ယစ်မျိုးဥပဒေစတဲ့ အမှု ၃ ခုနဲ့ တရားစွဲဆို ဖမ်းဆီးခဲ့တာပါ။ အဲဒီအမှုတွေဟာ အမှုဆင်ပြီး ထောင်ချတာဖြစ်တယ် လို့ ဒေါ်ဘောက်ဂျာက RFA ကို ပြောပါတယ်။

“မြန်မာနိုင်ငံ ဆေးကောင်စီ ၄၁ ကကျတော့ ခိုင်လုံမှုမရှိတဲ့အတွက် အပြစ်ကနေ လွတ်တယ်ဆိုပြီးတော့ပြောတယ်၊ ဒါပေမယ့် ယစ်မျိုး ၃၃ ကိုကျတော့ ထောင် ၆ လဆိုပြီးတော့ချထားတယ်၊ ထောင် ၆ လကလည်း အချုပ်ထဲမှာ ၆ လကျော်နေတဲ့အတွက် ၃ လက လျော့ရက်ဆိုတော့ ဒီနေ့ တခါတည်းလွတ်တယ်ဆိုပြီးတော့ အမိန့်ချခဲ့တာပေါ့နော်၊ ဒါပေမယ့် ယစ်မျိုး ၃၃ နဲ့ ကျမကိုချတယ်၊ အဲဒီကိစ္စကိုတော့ မကျေနပ်ဘူးပေါ့”

ပုဒ်မ ၃၀၄ (က) လူသေမှုကို တရားလိုဘက်က အမှုရုတ်သိမ်းခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့မှာ ဖားကန့်မြို့နယ်တရားရုံးက အပြစ်မရှိကြောင်း အမိန့်ချခဲ့ပါတယ်။

ဒါ့အပြင် တရားစွဲဆိုအမှုရင်ဆိုင်နေချိန် တလျှောက်လုံးမှာလည်း ဖားကန့်ရဲစခန်း အချုပ်ထဲမှာ ၆ လကျော်  အချုပ်ခံနေရတာဟာ အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရတာလို့လည်း ဒေါ်ဘောက်ဂျာက ပြောပါတယ်။

ဒေါ်ဘောက်ဂျာဟာ ကချင်ပြည်နယ်မှာ လယ်ယာမြေ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နစ်နာသူတွေဖက်က လိုက်လံကူညီပေးနေသူလို့လည်း သိရပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ဒေါ်ဘောက်ဂျာကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။