ဒေါ်အောင်ဆန်းစုကြည် သက်တော်စောင့် မချယ်ရီထက် ထောင် ၂ နှစ် ထပ်ချခံရ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက်ကို နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ မတ်လ ၃၁ ရက် ဒီကနေ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
သူဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေနဲ့ ထောင် သုံးနှစ် ချမှတ်ခံ ထားရတာကြောင့် စုစုပေါင်း ထောင် ငါးနှစ် ကျခံရမှာပါ။
ဒီနေ့အမိန့်ချတဲ့ အမှုအတွက်ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ရုံးချိန်းမှာ သူ့မှာ အပြစ်မရှိကြောင်း ဒုရဲအုပ်ချယ်ရီထက်ကိုယ်တိုင် ထွက်ဆိုခဲ့ပါတယ်။ ဒုရဲအုပ် ချယ်ရီထက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ရတာပါ။

သူ့ကို NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာနဲ့ ဆက်သွယ်တာ၊ လူမှုကွန်ရက်စာမျက်နှာမှာ “မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ်ပိတ်ထားပါ။ တရားပါတယ်လို့ တော့ မပြောပါနဲ့”၊ We Love Daw Aung San Su Kyi Page က တင်ထားတဲ့ “လွမ်းလိုက် တာ အမေ” ဆိုတဲ့ စာသားကို မျှဝေခဲ့တဲ့ အချက်တွေကြောင့် အရေးယူခဲ့တာလို့ စစ်ကောင်စီ ဘက်က ထုတ်ပြန်ထားပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရပြီးနောက် ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ယူချိန်မှာ သူ့အတွက် သက်တော်စောင့် ရဲတပ်ဖွဲ့ကို ပြည်ထဲရေးဌာနက ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒုရဲအုပ် ချယ်ရီထက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ဆုံးနေခဲ့သူဖြစ်ပြီး နိုင်ငံတော် အဆင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးကနေ အမြဲလိုက် ပါခွင့်ရခဲ့သူ ဖြစ်ပါတယ်။