ဖမ်းဆီးထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်များ
2022.12.21

စစ်ကောင်စီက ဖမ်းဆီးခံနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ သုံးဦးကို ထောင်ဒဏ် ၃ နှစ်ကနေ ၁၅ နှစ်အထိ အသီးသီးချမှတ်ထားပါတယ်။
ဦးအောင်နိုင်ဦး လုံခြုံရေးအရာရှိ- ထောင်ဒဏ် ၁၅ နှစ်

ဒုရဲအုပ်ချယ်ရီထက်-ထောင်ဒဏ် ၅ နှစ်

ရဲအုပ်ပြည့်ဖြိုးနိုင်- ထောင်ဒဏ် ၃ နှစ်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးအောင်နိုင်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်ချမှတ်ထားပါတယ်။
ဒီဇင်ဘာလ၂၁ ရက်နေ့ ဒီနေ့မှာ နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) အတွက် ထောင်ဒဏ် ၅ နှစ်ချခဲ့ပြီး အောက်တိုဘာ ၁၃ ရက်နေ့က မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ-၃၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (ဂ) နဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တာပါ။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို ဖမ်းဆီးမိချိန်က ကိုဂျင်မီဖုန်းထဲမှာ ဦးအောင်နိုင်ဦးနဲ့ ဆက်သွယ်ထားတာကို တွေ့ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဦးအောင်နိုင်ဦးကို ဖမ်းဆီးခဲ့တာပါ။
ဦးအောင်နိုင်ဦးက အမျိုးသားဒီမိုကကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာ လုံခြုံရေးအတွက် စီမံခန့်ခွဲရသူဖြစ်ပါတယ်။
စစ်အစိုးရလက်ထက် ၁၉၉၀ အလွန်ကာလတွေက ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ နေအိမ်မှာ အကျယ်ချုပ်ကျနေတုန်းကလည်း ဦးအောင်နိုင်ဦးက ရဲအရာရှိငယ်ဘဝနဲ့ ကာလအတန်ကြာ စောင့်ကြပ်ခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ သတင်းရဲတပ်ဖွဲ့ရဲမှူး တာဝန်ကနေ နိုင်ငံတော်သမ္မတရုံး သတင်းနဲ့ လုံခြုံရေးဆိုင်ရာဌာနကြီးကို ပြောင်းရွှေ့ခန့်အပ်ခံခဲ့ရတာပါ။
အလားတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးတာဝန်ယူခဲ့သူ ရဲအုပ်ပြည့်ဖြိုးနိုင်နဲ့ ဒုရဲအုပ်ချယ်ရီထက်တို့လည်း ဖမ်းဆီးထောင်ချခံထားရပါတယ်။ ဒုရဲအုပ်ချယ်ရီထက်က ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်သုံးနှစ်၊ ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) နဲ့ ထောင်နှစ်နှစ်၊ စုစုပေါင်း ငါးနှစ်ချမှတ်ခံထားရတာပါ။
ရဲအုပ်ပြည့်ဖြိုးနိုင်ကတော့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပေဒေနဲ့ ထောင်သုံးနှစ် ချမှတ်ခံထားရပါတယ်။