ကမ္ဘာ့ စီးပွားရေး ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပေးပို့
2011.01.29

ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ ယုံကြည် ကိုးစားထိုက်မှု ဆိုတဲ့ အစိုးရကောင်းတရပ်ရဲ့ ဂုဏ်အင်္ဂါတွေ ပြည့်စုံနိုင်ရေးအတွက် အမျိုးသားရင်ကြားစေ့ရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုရှိဖို့ အရေးကြီးကြောင်းနဲ့ ဒီအချက်နှစ်ချက် မရှိဘူးဆိုရင် လူမှုရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ ဆိုတာဟာ စိတ်ကူးယဉ် သက်သက်သာ ဖြစ်ပါလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။
မြန်မာပြည်သူ ၅၅ သန်း ကိုယ်စား ညီလာခံကို မိမိ ပြောကြားလိုတာကတော့ မိမိတို့အနေနဲ့ စီးပွားရေး၊ လူမှုရေးရာ ကိစ္စတွေမှာ ကမ္ဘာ့အသိုင်းအဝိုင်းနဲ့ တဆက်တစပ်တည်း ရှိနေရုံသာမက မြန်မာပြည်သူတွေရဲ့ လိုလားချက်တွေကို စွမ်းဆောင်ဖြည့်ဆည်းပေးနိုင်မယ့် ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုနဲ့ အမျိုးသား ရင်ကြားစေ့ရေး အင်မတန် ရရှိလိုပါကြောင်း၊ လွန်ခဲ့တဲ့ နှစ် ၅ဝ ကျော် ကာလအတွင်း မိမိတို့နိုင်ငံမှာ နိုင်ငံရေး ပဋိပက္ခတွေကြောင့် အခွင့်အရေးတွေ အများအပြား လက်လွှတ် ဆုံးရှူံးခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာမှာ ထည့်သွင်း ပြောဆိုထားပါတယ်။
ဒ့ါပြင်လည်း မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတ ပေါကြွယ်ဝပေမယ့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်လိုက်တဲ့အခါ နောက်ကျ ကျန်ရစ်ခဲ့ကြောင်း၊ နှစ်စဉ် ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုးရဲ့ ၄ဝ ရာခိုင်နှုန်းကို အစိုးရက စစ်စရိတ်အဖြစ် သုံးစွဲနေပြီး ကျန်းမာရေးနဲ့ ပညာရေးအတွက်ကိုတော့ ၂ ရာခိုင်နှုန်းလောက်သာ အသုံးပြုတဲ့ အကြောင်း၊ မြန်မာလူငယ်တွေဟာ အခုအစည်းအဝေးကို တက်ရောက်လာကြတဲ့ တချို့သော ခေါင်းဆောင်တွေလိုပဲ ကမ္ဘာ့ လူငယ်ခေါင်းဆောင် ဖြစ်လာနိုင်မယ့် ပညာတွေ လိုအပ်နေကြောင်း စသဖြင့် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာမှာ ထည်သွင်း ပြောဆိုထားပါတယ်။
ပြည်ပ ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်လို့ ပြောဆိုရာမှာ “မြန်မာနိုင်ငံမှာ လက်ရှိ ရင်းနှီးမြှုပ်နှံနေသူတွေရော ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေသူတွေပါ - ဥပဒေ လေးစားလိုက်နာမှု၊ ပတ်ဝန်းကျင်နဲ့ လူမှုရေးကဏ္ဍ၊ အလုပ်သမား အခွင့်အရေး၊ အလုပ်အကိုင်ဖန်တီးမှု၊ နည်းပညာ ကျွမ်းကျင်မှု မြှင့်တင်ရေး စတာတွေကို တန်ဖိုးထား လုပ်ဆောင်ကြပါလို့ မိမိအနေနဲ့ မေတ္တာရပ်ခံလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားသွားပါတယ်။