ဒေါ်အောင်ဆန်းစုကြည် သံအမတ်တွေနဲ့ တွေ့ဆုံမည်
2016.08.22

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပရောပနိုင်ငံတွေက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်တွေနဲ့ လာမယ့် စက်တင်ဘာလမှာ အင်္ဂလန်နိုင်ငံ မှာ တွေ့ဆုံဖို့ရှိပါတယ်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်ပြီး အဲ့ဒီခရီးစဉ် အတွင်း တွေ့ဆုံမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောပါတယ်။
''ကျမတို့ဝန်ကြီးက Europe ထဲမှာရှိတဲ့ အနောက်နိုင်ငံမှာရှိတဲ့ မြန်မာသံအမတ်တွေအုပ်စုနဲ့ တွေ့ဖို့ ရှိတယ်လေ၊ အင်္ဂလန်က centre မို့ အင်္ဂလန်မှာ ချိန်းလိုက်ကြတာ၊ နယူးယောက်ကို အစည်းအဝေး သွားအတက် လမ်းမှာ အသွားလား အပြန်လား ကျမ မသိဘူး အင်္ဂလန်ကို ဝင်မှာ၊ ဘာလို့လဲဆိုတော့ သပ်သပ် မစီစဉ်နိုင်တော့ ခရီးစဉ်သွားတဲ့ တစ်ခုမှာ အင်္ဂလန်ဝင်လိုက်မှာ၊ ဒါပေမယ့် အသွားမှာ တွေ့မှာ လား အပြန်တွေ့မှာလား အသေးစိတ် ကျမမသိဘူး"
ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၃ ရက်နေ့မှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။
အာရှ ၁၉ နိုင်ငံမှာ တာဝန်ယူထားတဲ့ မြန်မာနိုင်ငံ သံအမတ်တွေကို ပြီးခဲ့တဲ့ဇွန်လအလယ်ပိုင်းက နေပြည်တော် မှာ ခေါ်ယူတွေ့ဆုံ ပြီး မြန်မာနိုင်ငံ ရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၅၀ နီးပါးမှာ မြန်မာနိုင်ငံဆိုင်ရာသံရုံးတွေ ထားရှိထားပါတယ်။