အာရှ ၁၉ နိုင်ငံက မြန်မာ သံအမတ်တွေကို ဒေါ်အောင်ဆန်း စုကြည် ခေါ်ယူထား


2016.06.01
dassk-meet-diplomatists-620.jpg နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
Photo:Win Naung Toe/RFA

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အာရှ ၁၉ နိုင်ငံမှာ တာဝန်ယူထးတဲ့ မြန်မာနိုင်ငံ သံအမတ်တွေကို လာမယ့်ဇွန်လ ၁၄ ရက်နေ့ နေပြည်တော် မှာခေါ်ယူတွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ရှင်းလင်း သွားမှာဖြစ်ပါတယ်။

သံအမတ်တွေဘက်ကလည်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြန်လည်တင်ပြနိုင်မှာဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး က ပြောပါတယ်။

"သူတို့လက်တွေ့လုပ်နေတဲ့ အောင်မြင်မှုတွေ အခက်အခဲတွေရှိလို့ရှိရင် သူတို့ဘက်ကလည်း ပြန်တင်ပြ၊ ဒီဘက်ကဝန်ကြီးကလည်း ဘယ်လိုပုံစံနဲ့ လုပ်ငန်းလုပ်ဖို့ ဖြစ်စေချင်တဲ့အပိုင်း သူတို့လမ်းညွှန်ချက်တွေပြန်ပေးပေါ့၊ ဒီလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွေက တခြားနိုင်ငံတကာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာရှိပြီးတော့ အမတို့ဘက် က မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်လည်းမလုပ်နိုင်ဘူး၊ တစ်ကြိမ်လားပဲ အစ်မတို့လုပ်ခဲ့ဘူးတယ်၊ အခုနောက်ပိုင်းကျတော့ အဲ့လိုမျိုးတွေလုပ်တာပေါ့၊ အစိုးရအဖွဲ့ကလည်း အသစ်၊ အမတို့ဝန်ကြီးကလည်း အမြင်အသစ်နဲ့ဆိုတော့ ကိုယ့်သံအမတ်တွေကို ပြန်ခေါ်ပြီးတော့ လုပ်ငန်းအစည်းအဝေးလုပ်တာပါ"

နိုင်ငံပေါင်း ၅၀ နီးပါးမှာ မြန်မာနိုင်ငံဆိုင်ရာသံရုံးတွေ ထားရှိထားပြီး သံတမန်ဦးရေလည်း ၅၀ နီးပါး ရှိပါတယ်။

လက်ရှိမှာ ဘက်ဂျက်အခြေအနေအရ အာရှနိုင်ငံက သံတမန်တွေကိုပဲ ခေါ်ယူနိုင်ပြီး လာမယ့် နှစ်လည်လောက်မှာ ဥရောပနိုင်ငံတွေက မြန်မာသံအမတ်တွေ နဲ့လည်း တွေ့ဆုံသွားမယ်လို့ ဒေါ်အေးအေးစိုး က ပြောပါတယ်။

အရင်အစိုးရအဆက်ဆက်မှာ နိုင်ငံခြားရေးဝန်ကြီးတွေက သံတမန်တွေကို ပြည်တွင်းကိုခေါ်ယူပြီး တွေ့ဆုံဆွေးနွေး မှုတွေ မရှိခဲ့ဖူးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။