ဒေါ်အောင်ဆန်းစုကြည် ထောင်သုံးနှစ်ထပ်ချခံရ၊ စုစုပေါင်းထောင်ဒဏ် နှစ် ၂၀ ဖြစ်လာ

2022.09.02
ဒေါ်အောင်ဆန်းစုကြည် ထောင်သုံးနှစ်ထပ်ချခံရ၊ စုစုပေါင်းထောင်ဒဏ် နှစ် ၂၀ ဖြစ်လာ ဒေါ်အောင်ဆန်းစုကြည်ကို နယ်သာလန်နိုင်ငံမှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်
Photo: REUTERS

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမှုတွေထဲက ရွေးကောက်ပွဲ မသမာမှု စွပ်စွဲချက်အမှုအတွက် နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးကနေ စက်တင်ဘာ ၂ ရက် ဒီနေ့မှာ အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ် ခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က အမှုပေါင်း ၁၀ အမှုအတွက် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ပြီးဖြစ်တာကြောင့် အခုအမှုနဲ့ဆိုရင် ထောင်ဒဏ် နှစ်ပေါင်း ၂၀ ထိကျခံရမှာ ဖြစ်ပါတယ်။

ယခင်အမိန့်တွေမှာ အလုပ်မပါဘဲ ဒီနေ့အမိန့်မှာ အလုပ်နဲ့ပါတွဲပြီး ချမှတ်ခံရတာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

"အရင်အမှုတွေ အမိန့်ချတုန်းကတော့ အလုပ်မပါဘူး။ ဒီအမှုကျမှ ပုဒ်မရဲ့ အမြင့်ဆုံး ပြစ်ဒဏ်ကို ချတဲ့အပြင် အလုပ်နဲ့ထောင်ဒဏ်ဆိုပြီး ချလိုက်တာ။ ရှေ့နေတွေကတော့ အယူခံဆက်တက်သွားမယ်လို့ သိရတယ်"

အခုအမိန့်ချတဲ့ အမှုကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့ အရေးယူခံထားရတဲ့အမှု ဖြစ်ပါတယ်။

ဒါကြောင့် သမ္မတ ဦးဝင်းမြင့်နဲ့ ဝန်ကြီး ဦးမင်းသူတို့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခံခဲ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအဖွဲ့ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် မလျော်သြဇာ သုံးခဲ့တာလုံးဝမရှိသလို ၂၀၂၀ ရွေးကောက်ပွဲကို တာဝန်ယူခဲ့တဲ့ UEC ကလည်း ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီသာ လုပ်ဆောင်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဇူလိုင်လ ၁၅ ရက် ရုံးချိန်းမှာ ၂၀၂၀ ရွေးကောက်ပွဲ နဲ့ ပတ်သက်ရင် ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံး လွှမ်းမိုးခဲ့တာ မရှိဘဲ ဥပဒေနဲ့အညီသာ ဆောင်ရွက်ခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲဟာ အားနည်းချက် အနည်းငယ်ရှိခဲ့ပေမယ့် လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့တွေက ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ထုတ်ပြန် ပြောဆိုထားကြပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲမှာ မဲသမမာမှုတွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ NLD အစိုးရ အဖွဲ့ဝင်တွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ယူခဲ့သူ တွေ အပါအဝင် စုစုပေါင်း လူ ၅၀၅ ဦးကို ရွေးကောက်ပွဲ မသမာမှုတွေနဲ့ အရေးယူထား ကြောင်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ကော်မရှင်အသစ်က ဩဂုတ်လ ၁၇ ရက် နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

စစ်ကောင်စီ တရားရုံးတွေက ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀ (က) နဲ့ပဲ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ထောင်သုံးနှစ်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ထောင် သုံးနှစ်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို ထောင်နှစ်နှစ် အသီးသီး ချမှတ်ထားပါတယ်။

NLD အစိုးရလက်ထက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးသန်းဌေးနဲ့ ဦးမြင့်နိုင်တို့ကိုလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၃၀ (က) နဲ့ပဲ ထောင် သုံးနှစ်စီ အမိန့်ချထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိမှာ အမှု ၁၁ မှုအတွက် ချမှတ်ခံရတဲ့ ထောင်ဒဏ် ၂၀ နှစ်ထိ ရှိနေတာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကတည်းက အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နေပြည်တော် အချုပ်ထောင်ထဲက သီးသန့်ဆောင်တစ်ခုကို ပြောင်းရွှေ့ခံခဲ့ရပြီး ကျန်နေတဲ့ အမှု ရှစ်မှုကို အချုပ်ထောင်တွင်း တရားရုံးမှာပဲ ဆက်လက် တရားရင်ဆိုင် နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်တွေ ထပ်မံချမှတ်နေမှုတွေဟာ တရားမျှတမှု မရှိတာကြောင့် ချက်ချင်းလွှတ်ပေးဖို့ ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံတကာက ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာပဲ တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။