ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို ချက်ချင်းလွှတ်ပေးဖို့ NUG ပြော

RFA Burmese
2023.08.01
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို ချက်ချင်းလွှတ်ပေးဖို့ NUG ပြော သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ၂၀၁၆ ခုနှစ်က နေပြည်တော်တွင် တွေ့ရစဉ်။
AFP

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပေါ် ချမှတ် ထားတဲ့ ပြစ်ဒဏ်အသီးသီးကနေ ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ တရားရေးဝန်ကြီးဌာနက ဩဂုတ်လ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်မြင့်တို့ရဲ့ အမှုတချို့ကို လျှော့ပေါ့ပေးမှု အပေါ် ပြန်လည်တုံ့ပြန်ပြီး ထုတ်ပြန်လာတာပါ။

သူတို့နှစ်ဦးဟာ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်မှုမရှိဘဲ တစ်ဖက်သတ် လုပ်ကြံစွပ်စွဲ ဖမ်းဆီးခံထားရတာဖြစ်ပြီး ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေအားလုံးကလည်း ဥပဒေနဲ့ မညီညွတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ပြစ်ဒဏ်လျှော့ပေါ့တယ်ဆိုတဲ့ လုပ်ရပ်ကလည်း ပြည်သူကို နိုင်ငံရေးအရ လှည့်စားတာလို့ NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က RFA ကို ပြောပါတယ်။

“တကယ်တမ်း သတ္တိရှိရင် လွှတ်ပေးလိုက်လို့ ကျွန်တော်တို့ပြောချင်တယ်။ တကယ် လည်း လွှတ်လည်း လွှတ်ပေးရဲတာမဟုတ်ဘူး။ ဖြေလျှော့တယ်ဆိုတဲ့ စကားတောင်သုံးဖို့ ခက်ပါတယ်။ ဘာလို့လဲဆိုတော့ စာရွက်တစ်ရွက်ပဲ အဖတ်တင်တာ။ ဘာမှ နိုင်ငံရေး ထူးခြားပြောင်းလဲမှုတွေ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်တော်တို့ခေါင်းဆောင်တွေ လည်း လွတ်လာတာမဟုတ်ဘူး။ အဲဒီအတွက် ဖြေလျှော့တယ်ဆိုတဲ့ အခြေအနေမျိုး တောင် မဟုတ်ဘဲနဲ့ နိုင်ငံရေးအရ လှည့်စားတယ်။ ပြည်သူကို လှည့်စားတယ်၊ ကစား တယ်လို့ပဲ ပြောလို့ရမယ်”

နိုင်ငံ့ခေါင်းဆောင်တွေအပါအဝင် နိုင်ငံတစ်ဝန်းက မတရားဖမ်းဆီးခံရတဲ့ နိုင်ငံသားတွေကို ချက်ချင်း လွှတ်ပေးရမှာဖြစ်ပြီး သူတို့ပေါ် ပြစ်ဒဏ်ချမှတ်ထားတဲ့ အမိန့်တွေကလည်း မူလကတည်းက ပျက်ပြယ်ပြီး သားဖြစ်တယ်လို့ NUG တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

စစ်ကောင်စီကတော့ အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုငါးမှုအတွက် ထောင်ခြောက်နှစ်၊ အမှုပေါင်းရှစ်မှုနဲ့ ထောင် ၁၂ နှစ်ကျခံနေရတဲ့ သမ္မတဦးဝင်းမြင့် ကို အမှုနှစ်မှုအတွက် ထောင်လေးနှစ် လျှော့ပေး လိုက်တာပါ။

စစ်ကောင်စီကတော့ ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးက အကျဉ်းထောင်အသီးသီးမှာရှိတဲ့ အကျဉ်းသား၊ သူ ၇၇၄၉ ဦးကို လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်တယ်လို့ ကြေညာခဲ့ပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါဝင်တယ်ဆိုတာ မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။