ဝန်ကြီးချုပ်ဟောင်းဦးနုကို ၁၉၈၈ မှာ ကမ်းလှမ်းခဲ့ ဖူးကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော


2013.07.31

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၈၈ အရေးတော်ပုံကာလအတွင်း ဝန်ကြီးချုပ်ဟောင်း ဦးနုကို ပူးပေါင်းလုပ်ဆောင်ဖို့ ကမ်းလှမ်းပြောဆိုခဲ့ဖူးတယ်လို့ RFA ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့ညနေပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

စောစောပိုင်းကနေပြီးတော့ ကျမတို့ဖိတ်ခေါ်ခဲ့တာရှိပါတယ်၊ ဒါပေမယ့် အဲဒီတုန်းက ဘဘဦးနုကလည်း သူ့အသိုင်းအဝိုင်းနဲ့ သူရှိတယ်ဆိုတော့ သတ်သတ်လုပ်တဲ့ အခြေအနေဖြစ်သွားတာပေါ့”

တဆက်တည်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ထူထောင်စဉ်က ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးနဲ့ ဘာကြောင့်ပူးပေါင်းခဲ့တာလဲလို့လည်း RFA ကမေးမြန်းခဲ့ပါတယ်။

အဲဒီတုန်းက ဦးအောင်ကြီးရယ်၊ ဦးတင်ဦးရယ်၊ ကျမရယ်ပူးပေါင်းလို့ရှိရင် ဒီမိုကရေစီလှုပ်ရှားမှုအတွက် အများကြီးကောင်းမယ်၊ အင်အားဖြစ်မယ်ဆိုပြီး အများကလည်း ဝိုင်းပြီးတော့ တိုက်တွန်းကြတယ်၊ အဲဒီအခြေအနေအရလည်း ဒီလိုလုပ်ရင်ကောင်းမယ်ထင်ပြီးတော့ လုပ်ခဲ့တာ”

ဒါ့အပြင် မြန်မာပြည်မှာ လက်ရှိဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာဟာ ၈၈ လူထုအုံကြွမှုရဲ့ အကျိုးဆက်ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"အခုဒီလိုပြောင်းလဲမှု ဖြစ်တယ်ဆိုတာဟာ ၈၈ ကနေပြီးတော့ မြစ်ဖျားခံခဲ့တယ်၊ နောက်ဒီကြားထဲမှာလည်း တခြားကိစ္စတွေ အများကြီးဖြစ်ခဲ့တယ်၊ နိုင်ငံကလည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွက်ကို ဝိုင်းပြီးတော့တိုက်တွန်းခဲ့တယ်၊ နောက်အခုလက်ရှိအစိုးရကလည်း ဒီဟာကိုအခုလက်ခံဖို့ အချိန်တန်ပြီဆိုပြီးတော့ ဆုံးဖြတ်ခဲ့တယ်၊ ဒါတွေအားလုံးပူးပေါင်းပြီးတော့ ဒီလိုအခြေအနေရောက်လာတာ"

ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာပြုလုပ်တဲ့ အာဇာနည်နေ့ဆွမ်းကျွေးပွဲကို သူရဦးရွှေမန်းတက်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာတော့ ဒီမိုကရေစီနဲ့ လူု့အခွင့်အရေးတွေကို ပြည်သူ့အတွက်အသုံးပြုဖို့ ရည်ရွယ်ချက် တူညီသူတစ်ဦးအဖြစ် ဦးရွှေမန်းကို သဘောထားကြောင်း ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။