ဦးမြအေးကို အပြစ်ပေးမှု ဥပဒေမဲ့လုပ်ရပ်လို့ သမီးဖြစ်သူပြောကြား
2022.03.10
စစ်တပ်အာဏာသိမ်းတဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်က ဖမ်းဆီးသွားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးကို စစ်ကောင်စီတရားရုံးက ပုဒ်မ ၅၀၅ (ဂ) နဲ့ ထောင်ဒဏ် ၂ နှစ် မနေ့က ချမှတ်လိုက်ပါတယ်။ ဒါဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်လို့ ဦးမြအေးရဲ့ သမီးဖြစ်သူက RFA ကပြောပါတယ်။ ဦးမြအေး ဟာ ကျန်းမာရေးစောင့်ရှောက်မှုအရေးတကြီးလိုအပ်နေတယ်လို့လည်း သိရပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး လူ့အခွင့်အရေး၊ ဖယ်ဒရယ်ပြည်ထောင်စုအရေးနဲ့ အာဏာရှင်စနစ်အပေါ်မှာ အစဉ်တစိုက် ဝေဖန်ပြောကြားလေ့ရှိတဲ့ ဦးမြအေးကို စစ်ကောင်စီက သူတို့ အာဏာသိမ်းတဲ့ ၂ဝ၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၄ နာရီလောက်မှာ ရန်ကုန်မြို့နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာရ ဒီမိုကရေစီအစိုးရခေါင်းဆောင်တွေ၊ တခြားထင်ရှားတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့အတူ ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခဲ့စဉ်က အကြောင်းတစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်းမရှိသလို ဖမ်းဝရမ်းလည်း ပါရှိခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
“သက်သေခံအထောက်အထားမရှိဘဲနဲ့ ဖမ်းချင်တဲ့အချိန် ဖမ်းမယ်။ ပြစ်ဒဏ်ချချင်တဲ့ ပုဒ်မတွေနဲ့ ပြစ်ဒဏ်ပေးမယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်နေတယ်”
ဒါပေမဲ့ အဲဒီနောက် လအနည်းငယ်အကြာမှာတော့ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှူး ဒု ရဲမှူး ဇော်မင်းသူ က ၂ဝ၁၄ ခုနှစ်မှာ တရုတ်နိုင်ငံရှိ မိတ်ဆွေတစ်ယောက်ထံကို ဦးမြအေး ရေးသားခဲ့တဲ့ စာတစ်စောင်ဟာ လူမျိုးတစ်မျိုးနဲ့တစ်မျိုးအကြား ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်မှုဖြစ်တယ်ဆိုပြီး ပုဒ်မ ၅ဝ၅ (ဂ) နဲ့ စွဲချက်တင်ခဲ့ပါတယ်။
လက်ရှိ ဆွစ်ဇာလန်နိုင်ငံမှာ နေထိုင်လျှက်ရှိတဲ့ ဦးမြအေးရဲ့သမီး မဝေနှင်းပွင့်သုန် က သူမရဲ့ဖခင်ကို အခုလို အပြစ်ပေးခဲ့တာဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဥပဒေမဲ့လုပ်ရပ်တစ်ခုမျှသာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
“အာဏာသိမ်းတဲ့ရက် မနက်ပိုင်း မနက် ၄ နာရီခွဲ ၅ နာရီခွဲလောက်မှာ လာဖမ်းသွားတယ်။ တကယ်တမ်း အမှုတင်တော့ သူတို့ဆီမှာတင်စရာအမှု မရှိတော့ ရှာရင်း ရှာရင်းနဲ့ ၂၀၁၄ က အီးမေးလ်တစောင်ကို သွားတွေ့ရော၊ အဲဒါကို အမှုတပ်လိုက်တဲ့သဘောမျိုးပါ။ တရုတ်ပြည်က မြန်မာ့အရေးလှုပ်ရှားသူတယောက်ကို စာရေးထားတာပဲ။ သူရေးထားတဲ့ အီးမေးလ်မှာကလည်း တိုင်းရင်းသားအရေး ပါတယ်၊ တန်းတူအခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်လစ်ဇင် ကို ရေးထားတာကို သူတို့က လူမျိုးစု တစ်စုနဲ့တစ်စု သွေးခွဲတယ်ဆိုပြီး အမှုတပ်တယ်။ အဓိက အခြေအနေကတော့ ဘယ်လိုအခြအနေမျိုးဖြစ်ဖြစ် အဖေ့ကို သူတို့က ထောင်ထဲကို ထည့်ချင်တယ်”
တဆက်တည်းမှာပဲ အခုလို မနေ့က ပြစ်ဒဏ်ချမှတ်ခံရတဲ့နေ့ဟာ ဦးမြအေး ရဲ့ ၅၆ နှစ်မြောက်မွေးနေ့ နဲ့တိုက်ဆိုင်နေပြီး သူမရဲ့ ဖခင်ဟာ ခြေထောက်မှာ ပိုးဝင်မှုနဲ့ အရေးပေါ်ဆေးကုသဖို့ လိုအပ်နေတယ်လို့လည်း မဝေနှင်းပွင့်သုန် ကပြောပါတယ်။
“အဖေက အိမ်ထမင်း အိမ်ဟင်းကို အရမ်းကြိုက်တာ၊ အပြင်မှာ ဘယ်တော့မှ ထမင်းမစားချင်တဲ့သူ၊ အခုမွေးနေ့ဆိုတော့ အိမ်မှာ အမေချက်တဲ့ထမင်းဟင်းကို စားချင်မှာပဲ လို့ စဉ်းစားမိတော့ ပိုပြီး သတိရတယ်။ ထောင်ထဲမှာ အစားအသောက်ကလည်း အဆင်ပြေတာ မဟုတ်ဘူး။ ပြီးတော့ ခြေထောက်က ဒဏ်ရာက ဆေးခန်းပြဖို့ ရှိနေသေးတာ လွန်ခဲ့တဲ့ မတ်လ ၁ ရက်နေ့က လျှောက်လဲချက် တင်တဲ့နေရာမှာ အဖေက ထပြောတယ်။ ဒီဥစ္စာက မတရားတဲ့အကြောင်း၊ သူ့ကို ဖမ်းထားတာဟာ မတရားဖမ်းဆီးမှုဖြစ်တယ်ဆိုပြီး ပြောတဲ့အခါ အခု ဆေးကုသမှု ပိတ်လိုက်တယ်၊ တကယ် စိတ်မကောင်းဘူး။”
နော်ဝေနိုင်ငံရှိ လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်တဲ့ ဦးမင်းလွင်ဦးကလည်း အခုလို ဦးမြအေးကို အပြစ်ပေးလိုက်တာဟာ စစ်ကောင်စီရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ထပ်မံ မီးမောင်းထိုးပြလိုက်တာဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“အာဏာသိမ်းတဲ့နေ့မှာ လာဖမ်းတယ်။ စွဲဆိုထားတဲ့ အမှုက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တရုတ်သံရုံးကို ပေးပို့တဲ့စာတစောင်နဲ့ ပတ်သက်ပြီးတော့ အရေးယူတယ်လို့ ကျနော်တို့ သိရတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ဆိုတာ ဘာမှမရှိတော့ဘူး။ သက်သေခံအထောက်အထားမရှိဘဲနဲ့ လူတဦးတယောက်ကို ဖမ်းချင်တဲ့အချိန် ဖမ်းမယ်၊ ပြစ်ဒဏ်ချချင်တဲ့ ပုဒ်မတွေနဲ့ ပြစ်ဒဏ်ပေးမယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်နေတယ်”
စစ်ကောင်စီတရားရုံးတွေက ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအပေါ် ဥပဒေမဲ့စစ်ဆေး အပြစ်ပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေတယ်လို့ နိုင်ငံတကာဝေဖန်မှုတွေ ပေါ်ထွက်နေစဉ်အတွင်း ဦးမြအေးကို အခုလို အပြစ်ပေးခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။