ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလုံးဝလွှတ်ပေးဖို့ သားဖြစ်သူ တောင်းဆို
2023.08.01

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ပေါ့မယ့်အစား လုံးဝလွှတ်ပေးလိုက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ်ခြောက်နှစ်လျှော့ပေးလိုက်တာဟာ နိုင်ငံရေးကစားကွက်တစ်ခုသာ ဖြစ်တယ်လို့ ကိုထိန်လင်းက ပြောကြောင်း Independent သတင်းမှာ မနေ့က ဖော်ပြပါတယ်။
ဥပဒေမဲ့အပြစ်ပေးခံနေရတဲ့ မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် သူ့အနေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်မြောက်လာတာကလွဲရင် ဘာကိုမှ လက်မခံနိုင်ဘူးလို့လည်း ပြောပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ အမှောင်ခတ်ထဲမှာတောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရဲ့သင်္ကေတအဖြစ် သတ္တိရှိရှိ ထွန်းလင်းထောက်ပနေဆဲဖြစ်ကြောင်းနဲ့ မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် တစ်ကမ္ဘာလုံးက ဝိုင်းဝန်းတောင်းဆိုပေးကြဖို့လည်း ကိုထိန်လင်း ခေါ် ကင်မ်အဲရစ် ကပြောဆိုကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ရဲ့ ထောင်ဒဏ်တွေထဲက နှစ်အနည်းငယ်ကို လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီက ဩဂုတ်လ ၁ ရက်နေ့က ကြေညာခဲ့တာပါ။
အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ငါးမှုအတွက် ထောင်ခြောက်နှစ်၊ အမှုပေါင်း ရှစ်မှုနဲ့ ထောင် ၁၂ နှစ်ကျခံနေရတဲ့ သမ္မတ ဦးဝင်းမြင့်ကိုတော့ အမှု နှစ်မှုအတွက် ထောင်လေးနှစ် လျှော့ပေးခဲ့တာလည်း ဖြစ်ပါတယ်။