အမျိုးသားပြန်လည် ရင်ကြားစေ့ရေး သမ္မတထံပေးစာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး

ဒီရက်ပိုင်းအတွင်း သမ္မတဦးသိန်းစိန်ထံ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ဝိုင်းဝန်း တောင်းဆိုတဲ့စာကို မိမိ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း RFA က ထုတ်လွှင့်နေတဲ့ ‘လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်’ အစီအစဉ်မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

2011.04.22
assk_independence_speech_305_z.png အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဌာနချုပ်ရုံးတွင် ဇန်နဝါရီ ၄ ရက်နေ့က ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

“ယခုရက်ပိုင်းအတွင်းက ဒီမိုကရေစီ လိုလားသူများအနေနဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ပန်ကြားလွှာ ရေးသားရာမှာ ပြည်ပရောက် မြန်မာနိုင်ငံသူ နိုင်ငံသားတွေ၊ အထူးသဖြင့် ဒုက္ခသည်တွေ မိမိတို့နေရပ်ကို လုံခြုံအေးချမ်းစွာနဲ့ ပြန်လာနိုင်စေမယ့် အခြေအနေတွေ ဖြစ်ပေါ်လာရေးကို ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ် ဘုရား။ ဒီပန်ကြားလွှာကို ပြည်သူတွေ ဝိုင်းဝန်းထောက်ခံ လက်မှတ်ထိုးရေး လှုပ်ရှားမှုမှာ NLD က တက်တက်ကြွကြွ ပါဝင်နေပါတယ် ဘုရား။ တပည့်တော်မ ကိုယ်တိုင်လည်း လက်မှတ်ထိုးပြီးပါပြီ ဘုရား”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှာ အစိုးရအဖွဲ့တစ်ခု ရှိနေတာကို မရှိသလို ဟန်ဆောင်နေမှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“အခု အစိုးရအဖွဲ့တခု ရှိနေတာကို မရှိချင်ယောင် မဆောင်ဘဲနဲ့ အဲဒီအစိုးရအဖွဲ့နဲ့ အမျိုးသားရင်ကြားစေ့ရေးကို ရှေးရှုတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ရေးကိုပဲ ဦးတည်သွားမှာ ဖြစ်ပါတယ်”

“လက်ရှိ မြန်မာအစိုးရကို အရှိအတိုင်း အသိအမှတ် ပြုပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ဘာကြောင့် ဒီလို ပြောဆိုခဲ့တာလဲလို့ သောတရှင်တဦးက ထပ်ဆင့် မေးမြန်းတာကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

တဆက်တည်းမှာဘဲ လက်ရှိ မြန်မာအစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် NLD ရဲ့ ကြိုးပမ်း လုပ်ဆောင်နေမှုတွေအပေါ် သောတရှင်တဦးက မေးမြန်းခဲ့တာကိုလည်း ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း အသိပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

“အန်တီတို့ တွေ့ဆုံဆွေးနွေးရေးအတွက် စပြီး ပြောတာ၊ လုပ်တာနဲ့ အများပြည်သူ သိအောင်လို့ သတင်း ထုတ်ပြန်ပါ့မယ်။ အခုအချိန်မှာတော့ ဘာမှ မပြောသေးတာကို နားလည် သည်းခံပေးစေချင်ပါတယ်”

အကြောင်းအရာ အပြည့်အစုံကို သောကြာနေ့ည ထုတ်လွှင့်မယ့် ‘လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်’ အစီအစဉ်မှာ တင်ဆက်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။