ယုံကြည်မှုတည်ဆောက်နိုင်မှ ငြိမ်းချမ်းရေးရမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော ကြား
2016.06.24

ငြိမ်းချမ်းရေးအပြည့်အဝမရနိုင်ခင် နိုင်ငံအတွင်းက ပဋိပက္ခဖြစ်ပွားနေတဲ့အဖွဲ့တွေကြား ယုံကြည်မှုရှိရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံသုံးရက်ကြာ တရားဝင်ခရီးသွားရောက်နေတာဖြစ်ပြီး ခရီးစဉ် ဒုတိယနေ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ခန်းမတစ်ခုမှာ ထိုင်းတက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေ ကို Myanmar, ASEAN and the World : The Way Forward ခေါင်းစဉ်နဲ့ ဟောပြောချိန်မှာ သူ့အစိုးရဟာ အပြန်အလှန်ယုံကြည်မှုရဖို့ ဆောင်ရွက်နေတဲ့အကြောင်း ပြောကြားလိုက်တာပါ။
ပဋိပက္ခကို ချစ်ကြည်ရင်းနှီးမှုဘက်ပြောင်းဖို့နဲ့ ပဋိပက္ခကို အပြန်အလှန်ယုံကြည်မှုနဲ့ အပြန်အလှန် နားလည်မှု ရအောင် ပြောင်းဖို့ဖြစ်ပါတယ်။ မတူကွဲပြားတဲ့ အဖွဲ့ကြား၊ မတူကွဲပြားတဲ့ ပုဂ္ဂိုလ် တစ်ဦးချင်းကြား၊ မတူကွဲပြားတဲ့ နိုင်ငံတွေကြား ဘယ်လို အောင်မြင်တဲ့ကြိုးပမ်းချက်အတွက်မဆို ယုံကြည်မှုဟာ အခြေခံဖြစ်ပါတယ်လို့ ပြော သွားတာပါ။
မြန်မာနိုင်ငံဟာ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခမချုပ်ငြိမ်းသေးဘဲ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲ ဖော်ဆောင်နိုင်ဖို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ လက်ရှိအစိုးရက ကြိုးပမ်းနေပါတယ်၊ ဒါပေမဲ့ ဆယ်စုနှစ်တွေချီကြာနေပြီဖြစ်တဲ့ တိုက်ပွဲတွေနဲ့ မယုံကြည်မှုတို့က အခက်အခဲဖြစ်စေပါတယ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပမယ့်ရက်ကိုလည်း မသတ်မှတ်ရသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr.Don Pramudwinai နဲ့လည်း ဒီမနက်က တွေ့ ဆုံဆွေးနွေးခဲ့ပြီး မနက်ဖြန်မှာတော့ Ratchaburi ခရိုင်မှာရှိတဲ့ ဒုက္ခသည် စခန်းကို သွားရောက်ပါမယ်။
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၁ဝ ခုကျော်မှာ မြန်မာဒုက္ခသည် တသန်းကျော် ခိုလှုံနေကြပြီး ထိုင်းစက်ရုံတွေမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သိန်းလောက် အလုပ် လုပ်ကိုင်နေကြပါတယ်။