အလုပ်သမား အနည်းငယ်နဲ့ သာ ဒေါ်အောင်ဆန်း စုကြည် တွေ့ခွင့်ရ
2016.06.23

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ မဟာချိုင်မြို့ ထလေထိုင်းရပ်ကွက်မှာ ဒီကနေ့ စက်ရုံတချို့က စီစဉ်တဲ့ အလုပ်သမားအနည်းငယ်နဲ့သာ တွေ့ခွင့်ရခဲ့ပြီး မိုးရွာထဲမှာ စောင့်နေခဲ့ကြတဲ့ ရွှေ့ပြောင်း အလုပ်သမား ထောင်ပေါင်းများစွာကို စကားပြောခွင့် မရခဲ့ပါဘူး။
ခန်းမထဲမှာ တွေ့ခွင့်ရတဲ့ မြန်မာအလုပ်သမားတွေကို ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံမှာ မိမိတို့က ဧည့်သည်ဖြစ်တာနဲ့အညီ ကောင်းကောင်းမွန်မွန်နေထိုင်ဖို့ မှာကြားခဲ့သလို ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံး အနေနဲ့လည်း မိမိတို့ နိုင်ငံသားတွေကို အပြည့်အဝ ကာကွယ်ပေးဖို့ တာဝန်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။
"ဧည့်သည်ဆိုတာ ဧည့်သည်လိုနေရမယ်၊ အဲ့ဒါမှ အိမ်ရှင်ကလည်း ကိုယ့်ကိုလေးစားမယ်၊ ကျမတို့ရဲ့ သံရုံးကလည်း ကိုယ့်ရဲ့အခွင့်အရေးတွေကို အပြည့်အဝကာကွယ်ပေးဖို့ ကျမတို့ထားတာ"
မြန်မာအများစုနဲ့ တွေ့ခွင့်မရခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက “မိုးထဲရေထဲတွင် စောင့်ဆိုင်းနေခဲ့ကြသာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ မျှော်လင့်ချက်များ၊ အားကိုး မှုများ၊ ယုံကြည်ချက်များအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကား” ဆိုပြီး ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံနှုတ်ဆက်ခွင့် မရခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ အခုလိုတွေ့ဆုံခွင့် အဆင်မပြေ ဖြစ်ခဲ့ရသော်လည်း ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ ကြုံတွေ့နေရသော အခက်အခဲများအားလုံးကို သိရှိပါကြောင်း ဖေါ်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့ကို ဒီကနေ့ နေ့လည်က ရောက်ရှိခဲ့ပြီးနောက် ထလေထိုင်းကို ညနေ ၄ နာရီခွဲခန့်က ရောက်ရှိခဲ့လာခဲ့ရာမှာ မြန်မာအလုပ်သမား ထောင်ပေါင်းများစွာက လုံခြုံရေး အတားအဆီးတွေကို ဖယ်ရှားပြီး ခန်းမအပြင်ဘက် မိုးရွာထဲကနေ ကြွေးကြော်သံတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။
အလုပ်သမားအများစုဟာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရဖို့ မနက်ကတည်းက လာရောက်စောင့်စားနေခဲ့ကြ တာဖြစ်ပြီး အများစုက သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးရာမှာ မဟာချိုင်မှာပဲ တိုးခွင့်ရရေး၊ ထိုင်းအစိုးရ ထုတ်ပြန်ထားတဲ့ အလုပ်သမားဥပဒေတွေကို ထိုင်းအလုပ်ရှင်တွေက လိုက်နာရေး စတဲ့ကိစ္စတွေကို တင်ပြနိုင် ဖို့ မျှော်လင့်ခဲ့ကြပါတယ်။
မူလက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအလုပ်သမား ၅ဝဝ နဲ့ တွေ့ဆုံဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီကိစ္စကို မြန်မာအများစုက လက်မခံခဲ့ကြပါဘူး။ အဲဒီ လူ ၅ဝဝ ဟာ အလုပ်ရှင်တွေက ရွေးချယ်စေလွှတ် သူတွေသာ ဖြစ်တယ်လို့ ဝင်ခွင့်မရတဲ့ အလုပ်သမားတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းစံတော်ချိန် ညနေ ၅ နာရီလောက်မှာ ထလေထိုင်းကနေ လုံခြုံရေး ကြပ်မတ်စွာ နဲ့ ပြန်လည်ထွက်ခွာသွားပါတယ်။
ဝင်ခွင့်မှာ အမည်မပါတဲ့ ထိုင်းအခြေစိုက် ဖွံ့ဖြိုးရေးနဲ့ ပညာရေးဖေါင်ဒေးရှင်း တည်ထောင်သူ ဦးထူးချစ် ကို အာအက်ဖ်အေ အဖွဲ့သား ဦးဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။