မြန်မာအလုပ်သမားတွေကို ဥပဒေအရ အကာအကွယ်ပေးမည်


2016.06.24
dassk-thai-pm-press-620.jpg ထိုင်းအစိုးရရုံးမှာ ဇွန်လ ၂၄ ရက်နေ့က ကျင်းပတဲ့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာရေးထိုးအပြီးမှာ ထိုင်းဝန်ကြီးချုပ် ပရာယုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲသတင်းစာရှင်းလင်းစဉ်
Photo: Kyaw Zaw Win/RFA

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို အစိုးရက ပစ်ထားမှာမဟုတ်ဘဲ တာဝန်ယူသွားမှာဖြစ်ကြောင်းနဲ့ သူတို့အားလုံးဟာ ထိုင်းဥပဒေရဲ့ အကာအကွယ်ရရှိရမှာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ညနေက ထိုင်းအစိုးရရုံးမှာ ကျင်းပတဲ့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာရေးထိုးအပြီးမှာ ထိုင်းဝန်ကြီးချုပ် ပရာယု နဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသား ဒုက္ခသည်တွေ ပြန်လာနိုင်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု ၊ နေရာထိုင်ခင်း၊ ပညာရေး နောက်ဆုံး အလုပ်အကိုင်အခွင့်အလမ်းရှိဖို့က အရေးကြီးကြောင်း ပြောပါတယ် ။ မြန်မာနိုင်ငံမှာ လူငယ်တွေဟာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတာကြောင့် ဘာအလိုအပ်ဆုံးလည်းလို့မေးရင် အလုပ်အကိုင်လို့သာ ဖြေကြကြောင်း ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယုက မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံသားတွေလို ဆက်ဆံရ မှာဖြစ်ကြောင်းပြောပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် Hot Line (အရေးပေါ် ခေါ်ဆိုနိုင်မည့် ဖုန်းနံပါတ်) 1694 ကို သတ်မှတ်ပေးထားမှာဖြစ်ပြီး မြန်မာစကားပြောတဲ့ ဝန်ထမ်းတွေကို ခန့်အပ်ထား မှာဖြစ်ကြောင်း ပြောပါတယ်။ အလုပ်သမားတွေအတွက် One Stop Service လို့ခေါ်တဲ့ တစ်နေရာတည်းကနေ ဝန်ဆောင်မှုအားလုံးပေးနိုင်ဖို့ မဲဆောက်မှာ ဖွင့်လှစ်ဖို့သွားမှာဖြစ်ပါတယ်။

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးတဲ့ အထိမ်းအမှတ်အဖြစ် နောက်ထပ် မြဝတီ မဲဆောက်ဖက်မှာ တံတားတစ်ခုကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၃ နှစ် စီမံကိန်းအဖြစ် ထိုင်းဘတ်ငွေ သန်း ၁၅ဝ ကုန်ကျမယ့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို အကောင်အထည်ဖေါ်သွားမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။