၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ဒီရက်ပိုင်းအတွင်းဖြစ်ဖို့ မမြင်
2015.05.19

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် အရေးကြီးတဲ့ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ဒီရက်ပိုင်းအတွင်းဖြစ်မြောက်ဖို့ အစိုးရဘက်က တက်ကြွမှုရှိတာ မတွေ့ရဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေက ဒီရက်ပိုင်းအတွင်း ခြောက်ပွင့် ဆိုင်တွေ့ဆုံပွဲ ဖြစ်လာနိုင်သလားလို့ မေးမြန်းရာ မှာ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲဖြစ်သင့်တယ် လို့ မြင်ပေမဲ့ လက်တွေ့အစိုးရဖက်က မတက်ကြွဘူး လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"ကျမတို့ကတော့ ဖြစ်သင့်ပါတယ်၊ ဖြစ်တာမဖြစ်တာကတော့ ကျမတို့နဲ့ မဆိုင်ဘူးပေါ့နော်၊ ကျမတို့က ဆုံးဖြတ်တာမှမဟုတ်တာ၊ ဒါပေမဲ့ ဖြစ်သင့်တာတော့ဖြစ်တယ်"
ပထမဆုံးအကြိမ် ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်က ကျင်းပခဲ့ပြီးနောက် တစ်လအတွင်းမှာ ထပ်မံတွေ့ဆုံမယ်လို့ ဆုံးဖြတ်ခဲ့ကြပေမယ့် အခုချိန်ထိ မတွေ့ဆုံနိုင်သေးပါဘူး။
နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌ နှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးတို့ ပါဝင်တဲ့ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပေးဖို့ ပြည်ထောင်စု လွှတ်တော်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဆုံးဖြတ်ခဲ့ပါတယ်။
အခုလ ၁၆ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ လူထုတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတွေကို "ခပ်စိပ်စိပ်" ကျင်းပပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းပြောကြားခဲ့ပါတယ်။