ဒေါ်အောင်ဆန်းစုကြည် ကွာရန်တင်းကာလ ပြီးဆုံး
ဒေါ်အောင်ဆန်းစုကြည်ဟာ သူထိန်းသိမ်းခံနေရတဲ့နေရာက လူတချို့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ခဲ့တာကြောင့် ကွာရန်တင်း (အသွားအလာကန့်သတ်) ဝင်ခဲ့ရာကနေ မတ်လ ၃၁ ရက် နေ့ ဒီနေ့ တရားရုံးချိန်းကိုတော့ လူကိုယ်တိုင်လာရောက်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူ တွေက ပြောပါတယ်။
သူဟာ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ ကတည်းက တရားရုံးချိန်းတွေကို မလာရောက်ခဲ့တာ ဖြစ်ပြီး အခုအခါ ကွာရန်တင်းက လွတ်မြောက်ပြီးနောက် ပထမဆုံးအကြိမ် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထူးတရားရုံးကို လူကိုယ်တိုင် ပြန်လည်တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီနေ့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်က စီးပွားရေး အကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ်ကို စွဲဆို ထားတဲ့ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ - ၃ (၁)(ဂ) အမှုနဲ့ ပတ်သက်လို့ ဒီနေ့မှာ တရားလိုပြ သက်သေတစ်ဦးကို အပြန်အလှန် စစ်မေးခဲ့တယ်လို့ ဆိုပါတယ်။
မစ္စတာ ရှောင်တားနဲလ်ရဲ့ ကွန်ပျူတာနဲ့ စာရွက်စာတမ်းတွေမှာ တွေ့ရှိချက်တွေအရ ဒီအမှုမှာ သူနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီမံဘဏ္ဍာ ဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကိုပါ စစ်ကောင်စီဘက်က တရားစွဲဆိုထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရ လျှို့ဝှက်ချက်များ ဥပဒေပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၈ ခုနဲ့ တရားစွဲခံထားရတာပါ။ လောလောဆယ် အဲဒီထဲက အမှု ငါးမှုအတွက် ထောင်ခြောက်နှစ် ချမှတ်ခံထားရပါတယ်။