ဒေါ်အောင်ဆန်းစုကြည်ကို နေရာထပ်ရွှေ့ကြောင်း သတင်းထွက်

RFA Burmese
2024.05.15
ဒေါ်အောင်ဆန်းစုကြည်ကို နေရာထပ်ရွှေ့ကြောင်း သတင်းထွက် နေပြည်တော်တွင် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုအခမ်းအနားတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။
Reuters

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ရှေ့နေအဖွဲ့ကတော့ မေလ ၁၃ ရက်နေ့မှာ အပတ်စဉ်ပို့နေကျအတိုင်း နေပြည်တော် အချုပ်ထောင်ကို ထောင်ဝင်စာပစ္စည်းတွေ သွားပို့ခဲ့တယ်လို့ ရှေ့နေအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာတယ်ဆိုတဲ့ သတင်းစကား ကြားခဲ့ရပေမဲ့ ဘယ်မှာရှိနေတယ်ဆိုတာကိုတော့ ထောင်ဝန်ထမ်းတွေက ထုတ်ဖော်ပြောဆိုတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲ ရွှေ့လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမဲ့ RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်ကလည်း ဒီသတင်းကို အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ဘက်က အတည်ပြုလို့မရသေးဘူး။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပတ်သက်ပြီး ဟိုနေရာရွှေ့တယ်၊ ဒီနေရာ ရွှေ့တယ်ဆိုတဲ့ကိစ္စတွေက တော်လှန်ရေးအရှိန်အဟုန်ရလာတာနဲ့အမျှ သူတို့(စစ်ကောင်စီ)ဘက်က အခြေအနေမကောင်းတဲ့ကာလတွေမျိုးမှာ ဒီသတင်းတွေက ထွက်လေ့ထွက်ထရှိတယ်။ အခုလည်း ဘာရည်ရွယ်ချက်နဲ့ ဒီလိုသတင်းလွှင့်လဲမသိဘူး၊ သူတို့(စစ်ကောင်စီ)ဘက်က ထုတ်ချင်တဲ့ သတင်းအချက်အလက်မျိုးကိုပဲ ကြားရတဲ့သဘောရှိတယ်။”

ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် တည်ရှိတဲ့နေရာကို အတိအကျထုတ်ဖော်ပြောဆိုထားတာ မရှိသလို စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနကလည်း သတင်းမထွက်အောင် ထိန်းချုပ်ထားပါတယ်။

ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မေလ ၇ ရက်နေ့မှာ အွန်လိုင်းဗီဒီယိုကတစ်ဆင့် စကားပြောစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းဗီဒီယိုကနေ စကားပြောခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မေလ ၈ ရက်နေ့မှာတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပါတီစုံဒီမိုကရေစီ ကျင်းပဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး အပါအဝင် ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အနှောင့်အယှက် ဖြစ်စေနိုင်တဲ့၊ နှောင့်နှေးစေနိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ရှားသွားမှာဖြစ်သလို မလိုအပ်ဘူးလို့ယူဆတဲ့အတွက် လတ်တလော ဆောင်ရွက်ပေးနိုင်စရာမရှိကြောင်း ထုတ်ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။