အဂတိလိုက်စားမှုကို ထိထိရောက်ရောက် အရေးယူမည်
2018.06.14

အစိုးရအဖွ့ဲ တာဝန်ရှိသူတွေအနေနဲ့ အဂတိလိုက်စားတာတွေရှိရင် တိုင်ကြားကြဖို့ လိုအပ်ကြောင်းနဲ့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီကနေ့ မွန်ပြည်နယ် မော်လမြိုင်မြို့ မော်လမြိုင်တက္ကသိုလ်ဘက်စုံ စုပေါင်းခန်းမမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သတိပေးပြောကြားခဲ့တာပါ။
"ဥပဒေကိုချိုးဖောက်ပြီး ပြည်သူလူထုကို အနိုင်ကျင့်တဲ့ကိစ္စတွေရှိလို့ရှိရင် ဒီဟာတွေကို သက်ဆိုင်ရာအာဏာ ပိုင်တွေကို အကြောင်းကြားပါ၊ တခါတလေလည်း အာဏာပိုင်တွေက မဖြောင့်မတ်တာပါတယ်၊ အဲဒါဆိုရင်လည်း တိုင်ရမှာပဲ၊ အခုဆိုလို့ရှိရင် ကျမတို့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့ သိပ်ပြီးတော့အလေးထားတယ်၊ နောက်ပြီးတော့ အဂတိလိုက်စားမှုနဲ့ ပြင်ဆင်နေတဲ့ဟာ လွှတ်တော်ထဲမှာ ပြင်ဆင်နေတာ ပြီးတော့မယ်၊ ပြီးပြီဆိုရင်ပိုပြီးတော့ အဂတိလိုက်စားမှုနဲ့ ထိထိရောက်ရောက်အရေးယူနိုင်မယ်၊ အဲဒါကတော့ ပြည်သူတွေ အတွက် ဝန်ထမ်းတွေကို ထိန်းသိမ်းထားတာ၊ တရားဝင်အစိုးရကနေ လုပ်ပိုင်ခွင့်ပေးထားတဲ့သူတွေကို သူတို့ရဲ့လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားမလုပ်အောင်လို့ ထိန်းသွားမှာဖြစ်ပါတယ်"
အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်တာဟာ အစိုးရဝန်ထမ်းတွေက လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစား မလုပ်နိုင်အောင် ထိန်းသိမ်းတာမျိုးဖြစ်တယ်လို့ ပြောပါတယ်။
အစိုးရဝန်ထမ်းတွေက မတရားလုပ်တာ၊ အနိုင်ကျင့်တာ၊ မဖြောင့်မတ်တာတွေနဲ့ပတ်သက်ပြီး မကြိုက်နှစ်သက် တာတွေကို နည်းအမျိုးမျိုးနဲ့ ပြည်သူတွေက ပြသနိုင်ရမယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံမှာ လူနာတွေအသုံးပြုဖို့ ဓာတ်လှေကားသုံးမရတာ၊ တာဝန်ကျဆရာဝန် သူနာပြု ဆရာမတွေရဲ့ ဆက်ဆံရေး မပြေပြစ်တာတွေနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက တင်ပြခဲ့ရာမှာ မွန်ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာထိန်လင်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ရှင်းလင်းဖြေကြားခိုင်းခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးက ဖြေကြားရာမှာ အဆင်မပြေခဲ့တဲ့အတွက် ကျန်းမာရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးကိုယ်တိုင် စစ်ဆေးဆောင်ရွက်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆွေးနွေးတဲ့အထဲမှာ ကျေးလက်ဒေသတွေ မီးလင်းရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ကိစ္စကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။ စကားဝိုင်းမှာ ပါဝင်သူတွေက မွန်ပြည်နယ်မှာ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲမှု များနေတဲ့အတွက် မိသားစုတွေ မငြိမ်းချမ်းတဲ့အကြောင်း၊ ဒေသတွင်းမှာ ဘိလပ်မြေစက်ရုံတည်ဆောက်ဖို့ အတွက် ကရင်လူမျိုးတွေ အထွတ်အမြတ်ထားတဲ့ သထုံမြို့နယ်က လိပ်ပြာတောင်ကို ဖြိုချတဲ့အတွက် ပြည်သူတွေကြားထဲမှာ ယုံကြည်မှုကျဆင်းခဲ့ရကြောင်း တင်ပြဆွေးနွေးကြပါတယ်။
ငြိမ်းချမ်းရေးစကားဝိုင်းတွေကို ရှမ်းပြည်နယ် ပင်လုံမြို့၊ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တို့မှာလည်း ပြုလုပ်ခဲ့ပါတယ်။