နိုင်ငံတော်အတိုင်ပင်ခံနဲ့ သီးသန့်တွေ့ဆုံဖို့ KNPP တောင်းဆို
2017.12.28

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ မနက်ဖြန် ကျင်းပမယ့် ငြိမ်းချမ်းရေး စကားဝိုင်း ခရီးစဉ်အတွင်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP က သီးသန့်တွေ့ဆုံခွင့် တောင်းထားတယ်လို့ KNPP က ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ခွင့်ရမယ်ဆိုရင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က KNPP တပ်သားတွေ အသတ်ခံခဲ့ရတဲ့ကိစ္စကို တင်ပြဆွေးနွေးချင်တယ်လို့ KNPP ရဲ့ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့် က ပြောပါတယ်။
"ကျနော်တို့ တွေ့ခွင့်တောင်းပါတယ်၊ သီးသန့်ပေါ့နော်၊ ဖိတ်တာတော့ ဖိတ်တယ်၊ ကျနော်တို့က သီးသန့်တွေ့ ဖို့တောင်းတော့ သူ့ရဲ့အချိန်ဇယားကြောင့်ပေါ့လေ တွေ့ခွင့်မရဘူးလို့ အဲလိုမျိုး ပြောသံကြားတာပေါ့လေ၊ ဖြစ်စဉ်အမှန်ပေါ့လေ၊ ကျနော်တို့ဘက်က ငြိမ်းချမ်းရေး ယုံကြည်မှုကြောင့်မို့လို့ မတရားပစ်သတ်ခံထိတာပေါ့၊ အဲဒီကိစ္စပြင်ဆင်ထားတဲ့ စာရှိတယ်၊ နောက် အထောက်အထားတွေ သူ့လက်ထဲထည့်ပြီးတော့မှ တစ်စုံတရာ တရားမျှတမှု ရမလားပေါ့ ကြိုးစားတာပေါ့လေ၊ ကျနော်ထင်တာတော့ ကြိုတင်ပို့ထားတဲ့စာကတော့ ရောက်သွား ပြီထင်တယ်"
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မနက်ဖြန် ကယားပြည်နယ် လွိုင်ကော်မြို့က ပြည်နယ်ခန်းမမှာ ငြိမ်းချမ်းရေး စကားဝိုင်း ကျင်းပဖို့စီစဉ်ထားပြီး KNPP က ကိုယ်စားလှယ်တွေကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားခံထားရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာနဲ့ ဒေါတခြားကျေးရွာကြား KNPP ရဲ့ ယာယီစစ်ဆေးရေးဂိတ်ကို တပ်မတော်က ဝင်ရောက်စီးနင်းပြီး KNPP တပ်ဖွဲ့ဝင် ၃ ယောက် နဲ့ ဒေသခံရွာသား ၁ ယောက်ကို သတ်ဖြတ်ခဲ့တာဖြစ်ပြီး ကျူးလွန်သူတွေကို ဖော်ထုတ်ပေးဖို့အတွက် KNPP က ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။
KNPP ဘက်က ၄ ဦး သေဆုံးတာဟာ နှစ်ဖက်တိုက်ပွဲတွေကြောင့်ဖြစ်ကာ တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ပြီး ဥပဒေမဲ့ သတ်ဖြတ်တာ မဟုတ်ဘူးလို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) က ဒီဇင်ဘာလ ၂၂ ရက်နေ့က ကြေညာချက်တစ်စောင် ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး KNPP ဘက်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့စီစဉ်ထားပေမယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ခရီးစဉ်ရှိတဲ့အတွက် ဒီဇင်ဘာလ ၃၁ ရက်နေ့ကို ပြန်လည်ရွှေ့ဆိုင်းလိုက်တယ်လို့ ဦးရွှေမျိုးသန့်က ပြောပါတယ်။