နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ ပခုက္ကူမြို့ ချောက်ကန်ရွာက ဒေသခံတွေ စကားဝိုင်းပြုလုပ်မည်


2018.08.08
dassk-622.jpg နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: Thiha Tun/ RFA

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ချောက်ကန် ကျေးရွာ က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပြီး ပြည်သူ့စကားဝိုင်း ကျင်းပသွားမှာဖြစ်ပါတယ်။

မနက်ဖြန် သြဂုတ်လ ၉ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်မယ့် အဲဒီစကားဝိုင်းကို နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးနဲ့ Information Committee ဖေ့ဘွတ်လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွေမှာ တိုက်ရိုက် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

အဲဒီစကားဝိုင်းမှာ နည်းပညာတက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသား၂ ဦး၊ ပခုက္ကူတက္ကသိုလ်က ကျောင်းသူ၂ ဦး၊ ပညာရေးကောလိပ်ကျောင်းသူ ၁ ဦး၊ တောင်သူ ၁ ဦး၊ ယာဉ်လိုင်းပိုင်ရှင် ၁ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁ ဦး စုစုပေါင်း ၈ ဦး ပါဝင်ဆွေးနွေးဖို့ ဖိတ်ကြားထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးပွဲစကားဝိုင်းကို တက်ရောက်ခွင့်အတွက် တက္ကသိုလ်အသီးသီးက ကျောင်းသူ၊ ကျောင်းသားတွေကို ရွေးချယ်ရာမှာ တက္ကသိုလ်အာဏာပိုင်တွေက ကျောင်းသားသမဂ္ဂတွေကို အသိပေးတာမရှိဘဲ နီးစပ်ရာကို ရွေးချယ်ခဲ့တယ်ဆိုပြီး ပခုက္ကူ ကွန်ပျူတာ တက္ကသိုလ်နဲ့ ကျောင်းသားသမဂ္ဂများကွန်ရက်က ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေက ကန့်ကွက်ခဲ့ကြပါတယ်။

ပခုက္ကူ ကွန်ပျူတာတက္ကသိုလ်က ကန့်ကွက်ကြောင်းထုတ်ပြန်ချက်ထဲမှာ တက္ကသိုလ်အာဏာပိုင်တွေအနေနဲ့ လူရွေးချယ်ရာမှာ ရုပ်ရည်ချောမောရမယ်ဆိုတဲ့အချက်ကို ထည့်သွင်းထားတယ်လို့ ဝေဖန်ထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ငြိမ်းချမ်းရေးနဲ့ ပြည်သူ့စကားဝိုင်းတွေကို ကျင်းပနေရာမှာ နေပြည်တော်မှာ နှစ်ကြိမ်၊ ရှမ်းပြည်နယ် ပင်လုံမြို့၊ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာ၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့တွေမှာ တစ်ကြိမ်စီ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။

မနက်ဖြန် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ချောက်ကန်ကျေးရွာမှာ စကားဝိုင်းကျင်းပပြီးနောက် ကရင်ပြည်နယ်၊ မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာလည်း ဆက်ကျင်းပဖို့ အစီစဉ်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။