ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင် Parma မြို့သူဆု လက်ခံ
2013.11.01
အီတလီနိုင်ငံကိုရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံမြောက်ပိုင်း Parma မြို့မှာ ဂုဏ်ထူးဆောင်မြို့သူဆုကို ကြာသပတေးနေ့ မနေ့ မနက်ပိုင်းက လက်ခံခဲ့ပါတယ်။
ဆုယူအပြီး သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဖြေကြားခဲ့ရာမှာ မြန်မာ့ဒီမိုကရေစီရေးအတွက် အစဉ်တစိုက် ထောက်ခံအားပေးခဲ့တဲ့ အီတလီနိုင်ငံဟာ မြန်မာအတွက် အရေးပါပါတယ်လို့ ပြောကြားခဲ့ပါတယ်။
“အီတလီနိုင်ငံဟာ ကျမတို့အတွက်အရေးပါပါတယ်၊ ကျမတို့ ကလေးဘဝကတည်းက ကမ္ဘာ့သမိုင်း သင်ယူ ရတဲ့အခါ အီတလီရဲ့သမိုင်းလည်း သင်ခဲ့ရပါတယ်၊ ပိုပြီး အရေးကြီးတာကတော့ အီတလီပြည်သူတွေနဲ အီတလီမှာရှိတဲ့ မြို့တွေက မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံအားပေးတာပဲဖြစ်ပါတယ်"လို့ ပြောကြားခဲ့ တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဂုဏ်ထူးဆောင် Parma မြို့တော်သူဆုကို လက်ခံပြီးတဲ့နောက်၊ Parma တက္ကသိုလ်မှာလည်း မိန့်ခွန်းစကား ပြောကြားခဲ့ရာမှာ လူငယ်နဲ့ ရည်မှန်းချက်အကြောင်း ဟောပြောခဲ့ပါတယ်။
အဲဒီဟောပြောပွဲကို အီတလီနိုင်ငံရောက် မြန်မာကျောင်းသားတွေနဲ့ မြန်မာနိုင်ငံသားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို Asia News က တွေ့ဆုံမေးမြန်းခဲ့ရာမှာ မြန်မာနိုင်ငံ ရေရှည်တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် တိုင်းရင်းသား ပြည်သူအားလုံးကြားမှာ စစ်မှန်တဲ့တန်းတူညီမျှမှုကို အတူတကွခံစားနိုင်ကြဖို့ အရေးကြီးကြောင်း၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို ပြည်သူအားလုံး အထူးကြိုုးစားဆောင်ရွက်မှုနဲ့ ကျော်ဖြတ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့ အီတလီနိုင်ငံတွေကို သွားရောက်ခဲ့ပြီး၊ ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ တတိယအကြိမ် ဥရောပခရီးစဉ် အဆုံးသတ်မှာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ဥရောပပါလီမန်က ၁၉၉၀ ပြည့်နှစ်ကတည်းကချီးမြှင့်ခဲ့တဲ့ အတွေးလွတ်လပ်မှုဆိုင်ရာ Sakharov ဆု၊ တက္ကသိုလ်တွေကပေးအပ်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဆု၊ မြို့တွေကပေးအပ်တဲ့ ဂုဏ်ထူးဆောင်မြို့သူဆုတွေကို လက်ခံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အီတလီ ရိုမင်ကက်သလစ်သတင်းစာ Asia News က တွေ့ဆုံမေးမြန်းခဲ့တာနဲ့ ပတ်သက်ပြီး ဦးသစ်ဆင်း က ကောက်နှုတ် တင်ပြမှာဖြစ်ပါတယ်။