ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်ဆုတောင်း
2011.04.17

ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုအပြည့်နဲ့ ကိုယ်လိုချင်တဲ့ နိုင်ငံမျိုးဖြစ်အောင် လုပ်ယူမယ်ဆိုတဲ့ ခိုင်မာတဲ့ စိတ်တွေ အခြေခံပြီး ဒီနှစ်သစ်ခရီးကို လှမ်းသွားစေချင်ပါတယ်။ နှစ်သစ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ စိတ်ဓာတ် အပြည့်အဝနဲ့ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်း မေတ္တာပို့လိုက်ပါတယ်
RFA က ထုတ်လွှင့်နေတဲ့ “လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည်” အမေးအဖြေ အစီအစဉ်မှာ သောတရှင်တဦးက အခု နှစ်သစ်အတွင်း NLD ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်ကူး အမှာစကားကို မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာပါ။
ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားစာပေနဲ့ ဘာသာစကား သင်ကြားရေးကို ထောက်ခံပြောဆိုရင်း မိမိ ကိုယ်တိုင်လည်း တခြား တိုင်းရင်းသား ဘာသာစကား တတ်ကျွမ်းခဲ့မယ်ရင် အခုလို နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားကို သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားနဲ့ နှုတ်ဆက်လိုကြောင်း ပြောပါတယ်။
တိုင်းရင်းသားဒေသတွေမှာ တတ်နိုင်သလောက် တိုင်းရင်းသား ဘာသာစကားတွေကို သင်ကြားပေးတာလည်း သင့်တော်မယ်လို့ ယုံကြည်ပါတယ်။ ကျမ ကိုယ်တိုင်က မြန်မာဘာသာစကားအပြင် တခြား တိုင်းရင်းသား ဘာသာစကား တခုမှ မတတ်တာကို ဝမ်းနည်း မကျေနပ်မိ ဖြစ်ပါတယ်။ အခုလိုအချိန်မှာ မွန်ဘာသာစကားနဲ့ “နှစ်သစ်ကူး မင်္ဂလာပါ” လို့ ပြောနိုင်ရင် ဘယ်လောက်ကောင်းမလဲနော်
သြစတြေလျ နိုင်ငံက မွန်တိုင်းရင်းသား ခေါင်းဆောင်တဦးရဲ့ မေးခွန်းကို ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့တာပါ။