ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်း/ပြည်နယ် လွှတ်တော်ခေါင်းဆောင်များ တွေ့ ဆုံမည်
2016.02.18

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လွှတ်တော် ဥက္ကဌတွေနဲ့ ဒုတိယဥက္ကဌတွေ နေပြည်တော်မှာ လာမယ့်ဖေဖော်ဝါရီလ ၂၂ ရက်၊ တနင်္လာနေ့ တွေ့ဆုံကြမယ်လို့ သိရပါတယ်။
နေပြည်တော် လွှတ်တော်ထဲက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အဆောင်မှာ တွေ့ဆုံ သွားမှာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးခင်မောင်ရင်က ပြောပါတယ်။
"ကျနော်တို့ ၂၂ ရက်နေ့မှာ သွားရောက်ပြီးတော့ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ရမှာဖြစ်ပါတယ်၊ အဲ့အတွက်ပေါ့နော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးအဆောင်မှာ တွေ့မှာပါ၊ ကျနော်တို့ကတော့ ရေးရာကော်မတီများဖွဲ့စည်းရေးကိစ္စနဲ့ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်စစ်တမ်းများ ဖွင့်လှစ်ရေးကိစ္စများတင်ပြမှာပေါ့"
တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၁၄ ခုထဲက ရခိုင်နဲ့ ရှမ်းပြည်နယ်လွှတ်တော် နှစ်ခုကလွဲပြီး ကျန်တဲ့ ၁၂ ခုက လွှတ်တော်ဥက္ကဌနဲ့ ဒုဥက္ကဌနေရာတွေမှာ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်တွေကို ရွေးချယ်တာဝန်ပေးထားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်မှာတော့ ပြည်နယ်တွင်း အနိုင်ရပါတီဖြစ်တဲ့ ANP ပါတီက ဦးစံကျော်လှနဲ့ ရှမ်းပြည်နယ်မှာ ပြည်နယ်တွင်း နေရာအများဆုံးအနိုင်ရထားတဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ဦးစိုင်းလုံးဆိုင်တို့က လွှတ်တော် ဥက္ကဌတွေအဖြစ် ရွေးချယ်တင်မြှောက်ခံထားရပါတယ်။
တိုင်းနဲ့ပြည်နယ်လွှတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌတွေဟာ လာမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် မြန်မာ နိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ အစည်းအဝေးကို တက်ရောက်သွားမယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ကို လက်ရှိ ပြည်ထောင်စုလွှတ်တော် နာယက ကဦးဆောင်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် ဥက္ကဌတွေနဲ့ ဖွဲ့စည်းမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအဖွဲ့ အစည်းအဝေးကို နေပြည်တော် လွှတ်တော်ဝင်းထဲမှာ ကျင်းပမှာဖြစ်ပါတယ်။
တိုင်း/ပြည်နယ် လွှတ်တော်အသီးသီးမှာ ရေးရာကော်မတီ ၉ ခုစီ ဖွဲ့စည်းရမှာဖြစ်ပြီး တချို့တိုင်းဒေသကြီးတွေမှာ စတင်ဖွဲ့စည်းနေပြီဖြစ်ပါတယ်။ ပဲခူးတိုင်းလွှတ်တော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လွှတ်တော်ရေးရာကော်မတီ ၅ ခုမှာ ဖွဲ့စည်းဖို့ စီစဉ်ထားပြီး လျှပ်စစ်နဲ့စွမ်းအင်ရေးရာကော်မတီမှာ ဥက္ကဌအဖြစ် လက်ရှိပဲခူးတိုင်းဝန်ကြီးချုပ် ဦးဉာဏ်ဝင်းကို လျာထားကြောင်း ကမ်းလှမ်းထားပေမယ့် ဦးဉာဏ်ဝင်းက သူ့အနေနဲ့ ရေးရာကော်မတီမှာ လုပ်ကိုင်လိုစိတ်မရှိကြောင်း အကြောင်းပြန်ကြားထားတယ်လို့ သိရပါတယ်။
လွှတ်တော်ရေးရာကော်မတီတွေကို တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တွေ ဖွဲ့စည်းပြီးချိန်မှ သာ ပြန်လည်ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးခင်မောင်ရင်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။