ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ


2016.01.26
dassk-tinaye-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုရွေးကာက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့ ဇန်နဝါရီလ ၂၆ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံစဉ်
Photo: NLD Facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးတို့ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

ရွေးကောက်ပွဲကာလမှာ ဆောင်ရွက်ပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျေးဇူးတင်ကြောင်းနဲ့ ရွေးကောက်ပွဲကာလမှာ အသိပညာပေးလုပ်ငန်းတွေ အားနည်းတာတွေရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုင်းခမ်းဝင်း က ပြောပါတယ်။

"တွေ့ဆုံပြီးတော့ ရွေးကောက်ပွဲကာလမှာ လုပ်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းပေါ့ ဗျာ၊ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာ တွေ့ဆုံဖို့လိုအပ်တဲ့ပုဂ္ဂိုလ်တွေကို လိုက်တွေ့တဲ့သဘော ပါပဲ၊ ရွေးကောက်ပွဲကာလမှာ ဘယ်လိုတွေဆောင်ရွက်ခဲ့တယ်ပေါ့၊ ဒီရွေးကောက်ပွဲအချိန်မှာ အဓိကကတော့ မဲအသိပညာပေးလုပ်ငန်းတွေ အားနည်းတဲ့အကြောင်းတွေ ထည့်ပြောပါတယ်၊ အထွေအထူးတော့မရှိပါဘူး၊ ပညာပေးလုပ်ငန်းတွေလုပ်ငန်းတွေ များများလုပ်ဖို့လိုတယ်ဆိုတဲ့ အကြောင်းတွေပေါ့"

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌတို့ သီးသန့်တွေ့ဆုံတာ ဒါပထမဆုံး အကြိမ်ဖြစ်ပြီး တစ်နာရီနီးပါးကြာမြင့်ခဲ့ပါတယ်။

တွေ့ဆုံပွဲကို အန်အယ်လ်ဒီပါတီက ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးဖြိုးဇေယျာသော် နဲ့ ဒေါက်တာ ဒေါ်တင်မာအောင်တို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က ဥက္ကဌ ဦးတင်အေး အပါအဝင် ကော်မရှင် အဖွဲ့ဝင် ၁၅ ယောက် တက်ရောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာအသုံးပြုခဲ့တဲ့ မဲဆွယ်စည်းရုံးရေးစရိတ် မတင်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ အန်အယ်လ်ဒီပါတီက ၃ဦး ပါဝင်ပြီး အနိုင်ရကိုယ်စားလှယ်တွေကို ကန့်ကွက်တဲ့ အမှုတွေထဲမှာလည်း အန်အယ်လ်ဒီပါတီက ကန့်ကွက်တဲ့အမှုတွေရှိသလို ကန့်ကွက်ခံရတဲ့ အမှုတွေလည်း ရှိနေပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံရာမှာ အဲဒီလိုအမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။