အိမ်နီးချင်းနိုင်ငံတွေက အနိုင်ကျင့်ချင်ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော


2018.12.19
dassk-meet-writers-622.jpg ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ညက စာရေးဆရာတွေနဲ့အတူ တွေ့ရစဉ်
Photo: Myanmar State Counsellor Office

မြန်မာနိုင်ငံဟာ ဆင်းရဲပြီး၊ အားနည်းတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေက အနိုင်ကျင့်ချင်ကြတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဘယ်တော့မှငုံ့ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

စာရေးဆရာအယောက် ၆ဝ ကို နေပြည်တော်မှာ မနေ့ညက ညစာစားပွဲနဲ့တည်ခင်းဧည့်ခံတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့က အားနည်းတော့ အိမ်နီးချင်းတွေကလည်း အနိုင်ကျင့်ချင်ကြတယ်။ အားကြီးသူက အားနည်းသူတွေ အနိုင်ကျင့်တာသဘာဝပဲ။ ဒါပေမဲ့ ကျမက အဲသည်လိုအနိုင်ကျင့်တာ ဘယ်တော့မှငုံ့မခံဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုတဲ့အကြောင်း သူနဲ့ တွေ့ဆုံခဲ့ရတဲ့ စာရေးဆရာ ဆရာတင်ညွှန့်က သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးထားပါတယ်။

ပြည်သူတွေမှာ စာဖတ်အားကျဆင်းနေတာကို ပြန်မြှင့်တင်ဖို့ “စာတတ်သူတိုင်းစာဖတ်ရေး ”ဆိုတဲ့ လှုပ်ရှားမှုကို နိုင်ငံအဝှမ်းဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံအနှံ့ကစာရေးဆရာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲဖြစ် လာတာလို့ အမျိုးသားစာပေဆုရှင် ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) က ပြောပါတယ်။ အဲဒီအခမ်းအနားကို နေပြည်တော် MICC2 ခန်းမမှာ ဒီနေ့မနက် ၉ နာရီစတင် ကျင်းပမှာပါ။

ဒီနေ့ ကျင်းပမယ့်ပွဲမှာ စာရေးဆရာတွေက စာတမ်း ၃ စောင်ဖတ်ကြမယ်လို့လည်း သိရပါတယ်။ ဒေါ်အောင်ဆန်း စုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူပြီးနောက်မှာ စာရေးဆရာတွေနဲ့ တွေ့ဆုံတာ ဒုတိယ အကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။