ဒေါ်အောင်ဆန်းစုကြည်နဲ့ နီပေါသမ္မတ တွေ့ဆုံ


2018.11.30
dassk-nepal-president-622.jpg ဒေါ်အောင်ဆန်းစုကြည်နဲ့ နီပေါသမ္မတ ဘီဒယ ဒေဝီ ဘန်ဒါရီတို့ တွေ့ဆုံစဉ်
Photo: MOFA Myanmar

နီပေါနိုင်ငံ ကတ္တမန္ဒူးမြို့ကိုရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် နီပေါအစိုးရက လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားပေးတယ်လို့ ဒေသတွင်းသတင်းတစ်ပုဒ်မှာ မနေ့ညက ဖော်ပြလိုက်ပါတယ်။

အဲဒီမှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆန္ဒပြနိုင်ချေရှိတဲ့အတွက် လုံခြုံရေးပိုချပေးထားတာလို့ ဆိုပါတယ်။ ဒါပေမဲ့ စခန်းထဲက ဒုက္ခသည်တွေကတော့ သူတို့မှာ ဆန္ဒပြမယ့်အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် တည်းခိုမယ့်ဟိုတယ်နဲ့ သွားလာမယ့်နေရာတွေမှာ နီပေါစစ်တပ်က ခေတ်မီ လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးချထားသလို၊ လေဆိပ်ကနေ ဟိုတယ်သွားတဲ့ လမ်းတလျှောက်မှာလည်း တိုက်ခေါင်မိုးတွေမှာ နေရာယူထားပါတယ်။ ထောက်လှမ်းရေးတွေကိုလည်း ပိုပြီးတာဝန်ချပေးထားတယ်လို့ သိရပါတယ်။

မနေ့က သောကြာနေ့ မနက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါသမ္မတ ဘီဒယ ဒေဝီ ဘန်ဒါရီ၊ နီပေါဝန်ကြီးချုပ် ရှာမာအိုလီတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ကတ္တမန္ဒူးမြို့မှာ တောင်အာရှနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ညီလာခံနဲ့ (BIMSTEC) ဘင်းစတက် လို့ခေါ်တဲ့ ဘင်္ဂလားပင်လယ်အော် ဒေသဆိုင်ရာနိုင်ငံများ၏ စီးပွားရေးနှင့်နည်းပညာဆိုင်ရာ အထွေထွေပူးပေါင်းဆောင် ရွက်ရေး ညီလာခံကျင်းပနေတာပါ။ ညီလာခံကို မနေ့ကသောကြာနေ့နဲ့ ဒီနေ့ စနေနေ့မှာ ပြုလုပ်နေပြီး၊ နိုင်ငံတကာ NGO အဖွဲ့တွေက ဧည့်သည်တွေလည်း အတော်များများ ရောက်နေပါတယ်။

နီပေါအစိုးရက အဲဒီညီလာခံကို နိုင်ငံတော်အစီအစဉ်နဲ့ လက်ခံကျင်းပပေးပြီး၊ ဧည့်သည်တွေကိုကြိုဖို့ ဒုဝန်ကြီးချုပ်ကို တာဝန်ပေးခဲ့ပါတယ်။

ညီလာခံကို မြန်မာနိုင်ငံက လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ လူငယ်တာဝန်ခံနှစ်ယောက်လည်း တက်ရောက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။