ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ရှေ့နေအဖွဲ့ ထပ်မံတောင်းဆို

RFA Burmese
2023.10.31
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ရှေ့နေအဖွဲ့ ထပ်မံတောင်းဆို ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်က ကျင်းပသည့် ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးတွင် တွေ့ရစဉ်။
Reuters

စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ဆုံခွင့်ရဖို့ သူ့ရဲ့ရှေ့နေအဖွဲ့က နေပြည်တော် အကျဉ်းဦးစီးဌာနနဲ့ စစ်ကောင်စီ ပြည်ထဲရေး ဝန်ကြီးဌာနတွေကို အောက်တိုဘာလ ၃၁ ရက် ဒီနေ့မှာ စာနဲ့ ထပ်မံ တင်ပြတောင်းဆိုထားတယ်လို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေး အကြောင်းပြချက်နဲ့ ပိတ်ပင်ထားတဲ့ အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ လူချင်းတွေ့ဆုံခွင့်ကို စစ်ကောင်စီက အောက်တိုဘာ ၂၄ ရက်နေ့မှာ ပြန်လည် ခွင့်ပြုပေးပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကလည်း လူချင်းတွေ့ဆုံခွင့်ရနိုင်ဖို့ ထပ်မံ တောင်းဆိုလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထောင်ချတဲ့ အမှုတွေနဲ့ပတ်သက်လို့ သူ့ရဲ့ရှေ့နေအဖွဲ့က ပြည်ထောင်စု တရားလွှတ်တော်ချုပ်အထိ အယူခံအဆင့်ဆင့် တက်နေပြီး ဒီကိစ္စတွေကို အမှုသည်တွေနဲ့ ဆွေးနွေးဖို့ လိုအပ်တာကြောင့် လူချင်းတွေ့ဆုံခွင့် တောင်းဆိုရတာလို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ က လူချင်းတွေ့ဆုံခွင့်ပေးဖို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကစလို့ အကြိမ်ကြိမ် စာနဲ့ တင်ပြတောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက တစ်ကြိမ်တစ်ခါမှ အကြောင်းပြန်လာတာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။

ဒီတစ်ကြိမ်မှာတော့ အကျဉ်းသားတွေကို မိသားစုဝင်တွေနဲ့ လူချင်း တွေ့ဆုံခွင့်ပေးထားပြီဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူ့ရဲ့ ရှေ့နေအဖွဲ့နဲ့ လူချင်းတွေ့ဆုံခွင့် ပေးသင့်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက စွပ်စွဲတဲ့ အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ကျခံနေရချိန် ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်မှာ အမှုငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်းသက်သာခွင့် ရခဲ့တာကြောင့် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။