ဒေါ်အောင်ဆန်းစုကြည်၊ အိန္ဒိယဝန်ကြီးချုပ်နဲ့ အင်ဒိုနိုင်ငံခြားရေး ဝန်ကြီးတို့ကို တွေ့မည်


2017.09.04
dassk-india-pm-622 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ တို့ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလက တွေ့ဆုံခဲ့စဉ်
Photo: global new light of myanmar

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီဟာ စက်တင်ဘာလ ၅ ရက်၊ အင်္ဂါနေ့မှာ မြန်မာနိုင်ငံကို နှစ်ရက်တာ လာရောက်မှာ ဖြစ်ပါတယ်။

တရုတ်ပြည်မှာ ကျင်းပတဲ့ BRICS ခေါ် ဘရာဇီး၊ တရုတ်၊ အိန္ဒိယ၊ ရုရှား နဲ့ တောင်အာဖရိက ငါးနိုင်ငံ ဆွေးနွေးပွဲက အပြန် မြန်မာနိုင်ငံကို ဝင်ရောက်မှာဖြစ်ပါတယ်။

နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်အတွင်း ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး အဓိ ကဆွေးနွေးမယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ အိန္ဒိယအနေနဲ့လည်း သူ့နိုင်ငံတွင်းမှာ ရှိနေတဲ့ ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်  ၄ သောင်းလောက်ကို ပြန်ပို့ဖို့ မကြာခင်က ကြေညာထားပါတယ်။

ဝန်ကြီးချုပ် မိုဒီဟာ ခရီးစဉ်အတွင်း ပုဂံကို သွားရောက်ပြီး ရှေးဟောင်းစေတီတွေ ထိန်းသိမ်းရေးအတွက် ရန်ပုံငွေ လှူဒါန်းမယ်လို့ သိရပါတယ်။

ဒီအတွင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဟာလည်း ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းတို့နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာကူညီရေး ပြဿနာတွေ မြန်မြန်ဆန်ဆန်ပြေလည်ရေးအတွက် အကူအညီပေးနိုင်ဖွယ်ရှိတာတွေ ဆွေးနွေး မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံအတွက် အင်ဒိုနီးရှားရဲ့ လူသားချင်းစာနာကူညီရေးအစီအစဉ်ကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဖွင့်လှစ်ပေးခဲ့ပါတယ်။ အရပ်ဘက်အဖွဲ့ ၁၁ ဖွဲ့ စုပေါင်းပြီး ရခိုင်ပြည်နယ်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အရည်အသွေးမြှင့်တင်ရေးတွေမှာ ကူညီဖို့အတွက် အမေရိကန်ဒေါ်လာ နှစ်သန်း မတည် ထားတယ်လို့ သိရပါတယ်။

ဒီအတွင်း ရခိုင်ပြည်နယ် ပဋိပက္ခဟာ မြန်မာ့ဂုဏ်သရေကို ညှိုးနွမ်းသွားစေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က ဒေါ်အောင်ဆန်းစုကြည်ကို သတိပေးပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်ညီညွတ်အောင် ရခိုင်ပြည်နယ်က နှစ်ဘက်အသိုင်းအဝိုင်းကြား ယုံမှားသံသယတွေ ပပျောက်ပြီး၊  အကြမ်းဖက်တာတွေ ရပ်တန့်သွားအောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သူမတူတဲ့ စွမ်းရည်သတ္တိတွေနဲ့ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ကြေညာချက်မှာပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။