မဏ္ဍိုင်သုံးရပ် ပူးပေါင်းဆောင်ရွက်ဖို့ ဝန်ကြီးချုပ်တွေကို ဒေါ်အောင်ဆန်း စုကြည် ပြောကြား
2016.05.27

အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင် ၃ ရပ်အကြား ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပေမယ့် လုပ်ပိုင်ခွင့် ကို ကျော်လွန်တဲ့ အနေအထားမျိုးမဖြစ်အောင် သတိပြုဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်တွေကို ပြောလိုက်ပါတယ်။
ဒီနေ့ နေပြည်တော်က နိုင်ငံတော်သမ္မတရုံးမှာ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေ၊ နေပြည်တော်ကောင်စီ ဥက္ကဌတို့နဲ့ တေ့ွဆုံစဉ် ပြောခဲ့တာဖြစ်ပါတယ်။
နိုင်ငံသားတွေရဲ့ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့် အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ညီမျှအောင် စီမံဆောင်ရွက်ဖို့၊ ပြည်သူတွေ တင်ပြလာတဲ့ မြေယာပြဿနာတွေကို ဂရုဏာနဲ့ ဖြေရှင်းပေးဖို့၊ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခြင်းခံရမှုမှ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ က မြေယာသိမ်းဆည်းမှုတွေကို ရပ်ဆိုင်းထားဖို့ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ဖို့ စတာတွေကို လည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ လျော့နည်းပပျောက်အောင် အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့ အစည်းတွေတင်မကဘဲ လူငယ်လူငယ်တွေနဲ့ မိဘတွေပါ ပါဝင်လာအောင် ဆောင်ရွက်ဖို့နဲ့ လူငယ်လူရွယ်တွေ ကြား မူးယစ်ဆေးဝါးသုံးစွဲမှု တွင်ကျယ်နေတာကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစီအမံတစ်ခု ချမှတ်ဆောင်ရွက် ဖို့လည်း ညွှန်ကြားခဲ့ပါတယ်။
အစည်းအဝေးကို တက်ရောက်လာတဲ့ နေပြည်တော်ကောင်စီ ဥက္ကဌ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး ၊ လူမှုရေး၊ စီးပွားရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပြန်လည်တင်ပြခဲ့ကြပါတယ်။