တရုတ်မြန်မာဆက်ဆံရေး လမ်းကြောင်းမှန်အတိုင်း ဖြစ်စေ လိုကြောင်း တရုတ်သမ္မတပြောကြား


2016.08.19
dassk-china-president-620.jpg နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင်းပင် တို့ သြဂုတ်လ ၁၉ ရက်နေ့က ပေကျင်းမြို့ ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာ Villa 18 မှာ တွေ့ဆုံစဉ်
Photo: Myanmar State Counsellor Office

“တရုတ်-မြန်မာ” နှစ်နိုင်ငံဆက်ဆံရေးကို မှန်ကန်တဲ့လမ်းကြောင်းအတိုင်း တိုးတက်ဖြစ်ထွန်း စေလိုတဲ့အကြောင်း တရုတ်သမ္မတရှီကျင့်ဖိန်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံကို ငါးရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ဘေကျင်းမြို့မှာ တွေ့ဆုံရာမှာ သမ္မတရှီကျင့်ဖိန်က အခုလို ပြောခဲ့တာလို့ ရိုက်တာသတင်းဌာနက ရေးသားပါတယ်။

မြန်မာပြည်သူတွေဟာ ခမ်းနားထည်ဝါတဲ့ အနာဂတ်တစ်ခုကို ဦးတည်တဲ့ ခရီးအစမှာ ရောက်ရှိနေကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုအသစ်တွေ ဖြစ်ပေါ်ဖို့နဲ့၊ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် မိမိတို့အနေနဲ့ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းကြရမှာ ဖြစ်တယ်လို့  တရုတ်သမ္မတ ရှီကျင့်ဖိန်က သတင်းထောက်တွေကို ပြောပါတယ်။

တွေ့ဆုံပွဲ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောရာမှာ တရုတ်နိုင်ငံဟာ အိမ်နီး ချင်းကောင်း နိုင်ငံတစ်ခုအနေနဲ့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးဖြစ်စဉ်ကို အပြည့်အဝ ထောက်ခံကူညီမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်လို့ မေးရာမှာတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းကို မြစ်ဆုံစီမံကိန်း စိစစ်သုံးသပ်လေ့လာရေး ကော်မရှင်က လေ့လာ ဆုံးဖြတ်မှာဖြစ်ပြီး လောလောဆယ် မပြောနိုင်သေးကြောင်း ဖြေဆိုသွားပါတယ်။

အလားတူပဲ တရုတ်သမ္မတရှီကျင့်ဖိန်ကလည်း မြစ်ဆုံရေကာတာစီမံကိန်း ပြန်စရေးကိစ္စနဲ့ ပတ်သက်လို့ ပြောဆိုသွားတာ မရှိဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။