UPDJC အဖွဲ့ဝင်တွေ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့မယ်
2016.05.26

အရင်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကို ပြန် လည်ပြင်ဆင်ဖွဲ့စည်းဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UPDJC အဖွဲ့ဝင်တွေဟာ မနက်ဖြန်ကစပြီး နေပြည်တော်မှာ နှစ်ရက်ကြာ ဆွေးနွေးကြမှာဖြစ်ပါတယ်။
UPDJC ဖွဲ့စည်းပုံပြင်ဆင်ဖို့ ကိစ္စတွေကို အသေးစိတ်ဆွေးနွေးကြမှာ ဖြစ်တယ်လို့ UPDJC အဖွဲ့ဝင် ဖက်ဒရယ်ပြည်ထောင်စုပါတီ ဥက္ကဌ ဦးစောသန်းမြင့်က ပြောပါတယ်။
"နိုင်ငံတော်အတိုင်ပင်ခံက UPDJC နဲ့ တွေ့ဆုံရတဲ့ အဓိကရည်ရွယ်ချက်ကို သူကတင်ပြမယ်၊ ပထမကတော့ ၂၇ ရက်နေ့ နေ့တစ်ပိုင်းပဲ ဒါပေမဲ့ အသေးစိတ်လာတဲ့အခါမှာ မနက်ဖြန်ကျတော့ ၂ နာရီမှစမယ်ဆိုတော့ တကယ် တမ်း UPDJC ရဲ့ လုပ်ဆောင်ရမယ့်ကိစ္စတွေ ၂၈ ရက်နေ့မှာလုပ်မယ်၊ UPDJC ရဲ့ ဖွဲ့စည်းပုံလည်းပြင်မယ်၊ အဲ့ကိစ္စတွေက ၂၈ ရက်နေ့မှာ အဓိကဆွေးနွေးမယ်လို့ပြောတယ်"
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့ ကိုယ်စားပြု ၁၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ ကိုယ်စားပြု ၁၆ ဦးနဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စားပြု ၁၆ ဦး ဆိုပြီး စုစုပေါင်း ၄၈ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
UPDJC အဖွဲ့ဝင်တွေထဲက အစိုးရနဲ့လွှတ်တော်ဘက်က ကိုယ်စားလှယ်တွေဟာ အရင်အစိုးရ လက်ထက်က ကိုယ်စားပြုခဲ့သူတွေဖြစ်တာကြောင့် ကိုယ်စားလှယ်အသစ်တွေနဲ့ အစားထိုး ဖွဲ့စည်းရမှာဖြစ်ပါတယ်။
နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားပြု ၁၆ ဦးနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ပါတီတွေကိုသာ ကိုယ်စားပြုခွင့် ထားဖို့ ဖြစ်လာနိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
UPDJC ရဲ့တာဝန်ဟာ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ထည့်သွင်းဆွေးနွေးမယ့် အကြောင်းအရာတွေ၊ တက်ရောက်ခွင့် ရှိမယ့်ပုဂ္ဂိုလ် ရွေးချယ်တာတွေနဲ့ ဆွေးနွေးပွဲစည်းကမ်းချက်တွေကို ချမှတ်ဖို့ ပြင်ဆင်တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
UPDJC အဖွဲ့ဝင်တွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြ ထားပါတယ်။