UPDJC အစည်းအဝေး တစ်နှစ်ကျော်အကြာမှာ ပြန်ကျင်းပ


2019.06.14
updjc-meeting-622.jpg ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးပေါင်းကကော်မတီ UPDJC အစည်းအဝေးကို ရန်ကုန်မြို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ ၂ဝ၁၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က ကျင်းပစဉ်
Photo: UPDJC

တစ်နှစ်ကျော်ကြာ မကျင်းပနိုင်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးပေါင်းကကော်မတီ UPDJC အစည်းအဝေးကို အစိုးရငြိမ်းချမ်းကော်မရှင်၊ လွှတ်တော်နဲ့ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အတွင်းရေးမှူး အဖွဲ့တွေ ဒီနေ့ ရန်ကုန်မြို့က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ နှစ်ရက်ကြာ အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲအပြီးမှာ နိုင်ငံရေး ပါတီအဖွဲ့ဝင်တွေကိုယ်စား ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ဒီနေ့ ဆွေးနွေးမှုတွေတွေ အပါအဝင် NCA လုပ်ငန်းစဉ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ လုပ်ငန်းတစ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဆွေးနွေးပွဲတွေ တစ်နှစ်နီးပါးကြာအောင် မကျင်းပနိုင်တာဟာ အင်အားရှိတဲ့သူတွေက လွှမ်းမိုးထားတဲ့ ပုံစံဖြစ်နေပြီး ကျန်တဲ့အဖွဲ့အစည်းတွေက ဂျောင်ပိတ်ခံရတဲ့ ပုံစံဖြစ်နေတာကြောင့်လို့လည်း သူက ပြောပါတယ်။

ဒီနေ့ ဆွေးနွေးချက်တွေ အဆင်မပြေမှုတွေကို လာမယ့် အစည်းအဝေးတွေမှာ ဆွေးနွေးနိုင်ဖို့ အတွင်းရေးမှူး အဖွဲ့ဝင်တွေအနေနဲ့ ပြင်ဆင်စေလိုကြောင်း အစိုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးက ပြောပါတယ်။

UPDJC အတွင်းရေးမှူးအဖွဲ့တွေ အနေနဲ့ နောက်ထပ် တွေ့ဆုံမှုကို လာမယ့်ဇူလိုင်လထဲမှာ ကျင်းပသွားဖို့ လျာထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။