ဒေါ်အောင်ဆန်းစုကြည် တာဝန် ယူမယ့် ဝန်ကြီးဌာန နှစ်ခုခွဲဝေမည်
2016.04.03

ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူမယ့် ဝန်ကြီးဌာန လေးခုထဲက လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီးဌာနနဲ့ ပညာရေးဝန် ကြီးဌာနနှစ်ခုတို့ကို ဝန်ကြီးသစ် နှစ်ဦးထံ လွဲှပြောင်းပေးသွား မယ်လို့ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။
"ပညာရေးက ဦးမျိုးသိမ်းကြီးရယ်၊ စွမ်းအင်နဲ့ လျှပ်စစ်ကဦးဖေဇင်ထွန်း၊ ဦးဖေဇင်ထွန်းက အရင်တုန်းက အဲ့ဌာနက အတွင်းဝန်၊ ပညာရေးက ဦးမျိုးသိမ်းကြီးဆိုတာ ညွှန်ချုပ်၊ ဒေါ်ခင်စန်းရီနဲ့ အဆင်မပြေလို့ ဟိုရောက်၊ ဒီရောက်ရောက်ကုန်တာ၊ အဲ့ပုဂ္ဂိုလ်နှစ်ယောက်က ဝန်ထမ်းတွေလေ၊ သူတို့ကနှုတ်ထွက်ခွင့်မရသေးဘူး၊ အခုကနှုတ်ထွက်ခွင့်ရပြီ"
အဲဒီဝန်ကြီးဌာန တွေမှာ တာဝန်ထမ်းဆောင်မယ့် ဝန်ကြီးအမည်စာရင်းကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မနက်ဖြန် ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အဆိုပြုတင်သွင်းမှာဖြစ်တယ်လို့ အစည်းအဝေး အစီအစဉ်မှာ ပါရှိပါတယ်။
ဒါ့အပြင် ပြည်ထောင်စုရှေ့နေချုပ် နဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ် အမည်တွေကိုလည်း အဆိုပြုတင်သွင်းမှာဖြစ် ပါတယ်။
လက်ရှိအစိုးရအဖွဲ့မှာ ပြည်ထောင်စုဝန်ကြီး ၁၈ ဦးက ဝန်ကြီးဌာန ၂၁ ခုကို တာဝန်ယူထားတာဖြစ်ပြီး ဒေါ်အောင် ဆန်းစုကြည်က နိုင်ငံခြားရေး၊ သမ္မတရုံး၊ လျှပ်စစ်နဲ့စွမ်းအင်၊ ပညာရေးဝန်ကြီးဌာန လေးခုတို့ကို တာဝန်ယူထား တာဖြစ်ပါတယ်။