ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး သြစတြေးလျနိုင်ငံ ခရီးစဉ်စတင်

2013.11.26
dassk-ausi-305.jpg သြစတြေးလျနိုင်ငံ ခရီးစဉ်အတွက် နိုဝင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်လေဆိပ်ကို ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
photo: RFA/ Kyaw Zaw Win

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ သီတင်းတစ်ပတ်ကြာမြင့်မယ့် သြစတြေးလျနိုင်ငံ ခရီးစဉ်အတွက် ဒီနေ့ ရန်ကုန်မြို့ကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံကောင်းကျိုးအတွက် အဲဒီနိုင်ငံက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ အခုခရီးစဉ်မှာ ပါဝင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောပါတယ်။

“ဒါတွေက သူ့ကိုဒုက္ခတွေရောက်တဲ့ချိန်ခါတုန်းက အများကြီးအထောက်အပံ့ပေးတဲ့ နိုင်ငံတွေပေ့ါ၊ ကာယအားဖြင့် ဉာဏအားဖြင့် ကူညီတဲ့နိုင်ငံတွေရှိတယ်လေ၊ ဒါကတော့ သြစတြေးလျကလည်း တစ်ကြိမ်တုန်းက အများကြီးပဲ ကူညီတယ်၊ ဒေါ်အောင်ဆန်း စုကြည် ဆောင်ရွက်ချက်နဲ့ ပတ်သက်လို့ပေါ့၊ အထူးသဖြင့် ပညာရေးနဲ့ ပတ်သက်တဲ့ဘွဲ့တွေရော အဲဒါတွေနဲ့ ပတ်သက်ပြီး ကျေးဇူးပြုတဲ့အနေနဲ့သွားတာပဲ၊ ဒီ့ပြင်လည်း တာဝန်ဝတ္တရားတွေနဲ့ ပတ်သက်ပြီး ဟိုမှာရှိတဲ့ခေါင်းဆောင်တွေနဲ့ ဒီတိုင်းပြည်အတွက် အကျိုးရှိရာ၊ အကျိုးရှိကြောင်း ဆွေးနွေးဖို့လည်း သွားတာပေါ့”

ဒေါ်အောင်ဆန်းစုကြည်ဟာ Sydney မြို့က Sydney Opera House မှာ တက္ကသိုလ်သုံးခုကပြုလုပ်မယ့် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

အဲဒီနောက် ကင်ဘာရာမြို့ကို ခရီးဆက်မှာဖြစ်ပြီး သြစတြေးလျနိုင်ငံဝန်ကြီးချုပ် တိုနီအက်ဘော့၊ နိုင်ငံခြားရေးဝန်ကြီး ဂျူလီ ဘစ်ရှော့တို့နဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး သြစတြေးလျလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ANU သြစတြေးလျ အမျိုးသားတက္ကသိုလ်နဲ့ Monash တက္ကသိုလ်တို့က တာဝန်ရှိသူတွေနဲ့ ပညာရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံရောက် မြန်မာမိသားစုတွေနဲ့တွေ့ဆုံသွားမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။