ထမင်းသိုး အိုးသစ်ထဲ မထည့် ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော ကြား


2015.10.25
dassk-kawmu-trip-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာလ ၂၅ ရက်နေ့က ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ခရိုက်ကနိကျေးရွာတွင် တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ပြည်သူတွေအနေနဲ့ "သိုးနေတဲ့ ထမင်းကို အိုးအသစ်ထဲ မထည့်ကြဖို့" ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ခရိုက်ကနိကျေးရွာ မဲဆွယ်ဟောပြောပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

"ထမင်းသိုးကို အိုးအသစ်ထဲထည့်လည်း သိုးနေတဲ့ထမင်းက သိုးနေတာပဲ၊ မထူးပါဘူးလို့၊ အဲ့တော့ ကျမတို့က အိုးပြောင်းတာထက် ထမင်းကိုပြောင်းကြစို့လို့ ကျမပြောချင်တာဖြစ်ပါတယ်၊ ကျမတို့ ထမင်းသိုးကြီးပဲ ဆက်စားနေမယ်ဆိုရင် ကျန်းမာရေးလည်းထိခိုက်ပါတယ်၊ ဒါကြောင့်မို့လို့ ကျန်းမာရေးအတွက်ကောင်းတဲ့ အရသာလည်းပိုကောင်းတဲ့ ထမင်းစားဖို့ဆိုရင် အိုးကအဓိက မဟုတ်ဘူး၊ ဆန်နဲ့ ဒီထမင်းဟာ လတ်လတ် ဆတ်ဆတ် ချက်ချင်းကသာ အဓိကဖြစ်ပါတယ်လို့ ကျမ သတိပေးချင်ပါတယ်"

ခရိုက်ကနိကျေးရွာ ဟောပြောပွဲမှာ တက်ရောက်လာတဲ့ ဒေသခံတစ်ဦးက အန်အယ်လ်ဒီဟာ “တိုင်တစ်လုံးတည်းနဲ့ အိမ်ဆောက်ဖို့ ကြိုးစားနေတာ” ဖြစ်ကြောင်း ပါတီတစ်ခုက ပြောဆိုနေတဲ့အပေါ် ဘယ်လိုတုန့်ပြန်လိုပါသလဲ လို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီဟာ တိုင်တစ်လုံးတည်းနဲ့ အိမ်ဆောက်နေတာ မဟုတ်ဘဲ ပြည်သူလူထုဆိုတဲ့ တိုင်အများကြီးနဲ့ အိမ်ဆောက်နေတာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲဟာ မျိုးဆက်သစ်လူငယ်တွေရဲ့ အနာဂတ်အတွက်ပါ အရေးကြီးတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မပျက်မကွက် မဲပေးကြဖို့ကိုလည်း မဲဆွယ်စည်းရုံးရေး ဟောပြောပွဲကျင်းပခဲ့တဲ့ ကျေးရွာတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြော ကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ကော့မှူးမြို့နယ် မဲဆွယ်စည်းရုံးရေးခရီးကို စတင်ခဲ့တာဖြစ်ပြီး ဒီကနေ့ ပျားမွှတ် ၊ ဘို့ဒင် ၊ ခရိုက်ကနိ စတဲ့ကျေးရွာ ၅ ရွာမှာ ဟောပြောခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမြို့နယ် စည်းရုံးဟောပြောပွဲအကြောင်း RFA အဖွဲ့သား ဦးဝင်းနိုင်ရဲ့ စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။