ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတဲ့နေရာက လူတချို့မှာ ကိုဗစ်ပိုးတွေ့

2022.03.28
ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတဲ့နေရာက လူတချို့မှာ ကိုဗစ်ပိုးတွေ့ ဒေါ်အောင်ဆန်းစုကြည် ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်
Photo: THET AUNG / AFP

ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့နေရာက လူတချို့မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိလို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အသွားအလာကန့်သတ် (ကွာရန်တင်း) ဝင်နေရပြီး မတ်လ ၂၈ ရက် ဒီနေ့ တရားရုံးချိန်းကို မလာရောက်နိုင်ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက သီးသန့် နေအိမ်တစ်ခုမှာ အစောင့် အရှောက်တွေနဲ့ ထိန်းသိမ်းထားတယ်လို့ သိထားရပြီး ဘယ်လိုနေရာမှာ ဘယ်လို ထိန်းသိမ်း ထားတယ် ဆိုတာကိုတော့ အသေးစိတ် မသိရပါဘူး။

သူ့မှာ ကိုဗစ်ရောဂါ မတွေ့ရှိပေမယ့် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကျန်းမာရေးအရ စောင့်ကြည့်ထားရှိဖို့ သီးသန့် အသွားအလာကန့်သတ် (ကွာရန်တင်း) ဝင်နေရတာလို့ ဆိုပါတယ်။

ဘယ်နေ့ကစလို့ ခုလို အသွားအလာကန့်သတ် (ကွာရန်တင်း) ဝင်နေရတယ်ဆိုတာ မသိရပေမယ့် ပြီးခဲ့တဲ့ ကြာသပတေးနေ့ မတ်လ ၂၄ ရက်နေ့ကတည်းက တရားရုံးချိန်းတွေ ကို လာရောက်တာမရှိခဲ့ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

လတ်တလော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဒီနေ့ မတ်လ ၂၈ ရက်နဲ့ မနက်ဖြန် ၂၉ ရက်တွေမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲဆိုထားတဲ့ အမှု ၁၀ မှုကို စစ်ဆေးဖို့ရှိပေမယ့် နောက်တစ်ပတ် တနင်္လာနဲ့ အင်္ဂါနေ့တွေကို ရုံးချိန်း ရွှေ့ဆိုင်းထားတယ်လို့ သိရပါတယ်။

ဒီနေ့ရုံးချိန်းမှာတော့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အွန်လိုင်းဗီဒီယိုစနစ်နဲ့ စစ်ဆေး ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၈ ခုနဲ့ တရားစွဲခံထားရတာပါ။ လောလောဆယ် အဲဒီထဲက အမှု ငါးမှုအတွက် ထောင်ခြောက်နှစ် ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။