လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်ကြောင်း ICJ မှာ ဒေါ်အောင်ဆန်းစုကြည် ခုခံချေပ
2019.12.11

OIC အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက အမှုဖွင့် တိုင်ကြားထားသလို မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်း မရှိတဲ့အကြောင်း နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ က (ICJ) အပြည်ပြည်ဆိုင်ရာတရားရုံးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဥပဒေရေးရာ ကိုယ်စားလှယ်အဖွဲ့ဝင်တွေ ခုခံချေပခဲ့ကြပါတယ်။
တရားရုံးကြားနာမှု စတင်လိုက်တာနဲ့ တပြိုင်နက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က... ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အခြေအနေတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ် (Genocide Convention) ကို ချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကိုက်ညီမှုမရှိကြောင်း ပြောကြားလိုက်ပါတယ်။
ရိုဟင်ဂျာမွတ်ဆလင်တွေနေထိုင်တဲ့ ရခိုင်ပြည်နယ်ဟာ ရာစုနှစ်ပေါင်းများစွာကတည်းက ပဋိပက္ခတွေ ဖြစ်နေတဲ့ဒေသဖြစ်ပြီး၊ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေဟာ လက်တွေ့ရခိုင်ပြည်နယ်က အခြေအနေ အချက်အလက်တွေကို မပြည့်မစုံနဲ့ လမ်းလွဲဖော်ပြချက်တွေသာဖြစ်တယ်လို့ ICJ တရားသူကြီးတွေကို လျှောက်လဲခဲ့ပါတယ်။
“လူမျိုးစုတစ်စုကို တစိတ်တပိုင်းအရဖြစ်စေ၊ အားလုံးကိုဖြစ်စေ ဖျက်ဆီးပစ်လိုတဲ့ စိတ်ဆန္ဒမရှိပါက နိုင်ငံတကာ တရားစီရင်ရေးစနစ်အရ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုတဲ့ ဥပဒေကြောင်းအရ အသုံးအနှုန်းမျိုး ဆန္ဒဇောနဲ့ မသုံးမိအောင် ကာကွယ်မှုမျိုးရှိပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က လျှောက်လဲခဲ့ပါတယ်။
Surely under the circumstances genocidal intent cannot be the only hypothesis.
ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ်က တာဝန်ကျ တပ်မတော်စစ်ကြောင်းတွေအနေနဲ့ အင်အား အလွန်အကျွံသုံးခဲ့တာ မရှိဘူးလို့ ယတိပြတ်မပြောနိုင်ပေမယ့်၊ ဒီအခြေအနေတွေကြောင့် လူမျိုးတုံး သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒတော့ သေချာပေါက် ပါဝင်ခဲ့တာမရှိပါဘူးလို့လည်း ပြောပါတယ်။
တကယ်လို့ မြန်မာအစိုးရတပ်မတော်သားတွေအနေနဲ့ အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ရင် ဥပဒေအရ အရေးယူ အပြစ်ပေးမှာဖြစ်ကြောင်း၊ မကြာသေးခင်ကလည်း ရခိုင်ပြည်နယ်က အင်းဒင်ရွာအမှု၊ ရှမ်းပြည်နယ်မြောက်ပိုင်းက မန်စီရွာအမှုတွေမှာ ရာဇဝတ်မှုကျုးလွန်ခဲ့သူ တပ်မတော်သားတွေကို မြန်မာနိုင်ငံ ရဲ့ တည်ဆဲဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြစ်ဒဏ်တွေပေးခဲ့ကြောင်း၊ အခုလည်း တပ်မတော်က ပြစ်မှုကျုးလွန်သူတွေကို စစ်ခုံရုံးဖွဲ့ စစ်ဆေးအရေးယူနေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတော်ကို တင်ပြခဲ့ပါတယ်။
ဒီနေရာမှာ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအရေး ရေငုံနှုတ်ပိတ်နေခဲ့တာဟာ မတရားမှုတွေကို လျစ်လျူရှုနေတာ မဟုတ်ဘဲ၊ ပြည်တွင်း တရားစီရင်ရေးစနစ်က စုံစမ်းစစ်ဆေးနေတဲ့ အမှုတွေအပေါ်မှာ ဂတိလေးပါးကင်းအောင်၊ တရားရုံးရဲ့ စီရင်ဆုံးဖြတ်မှုအပေါ် သက်ရောက်မှုမရှိအောင် တစုံတရာ ပြောဆိုခြင်းမပြုတာ ဖြစ်တယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံက ICJ တရားသူကြီးတွေနဲ့ တက်ရောက်လာသူတွေကို ပြောကြားပါတယ်။
နိုင်ငံတနိုင်ငံရဲ့ တရားစီရင်ရေးက အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်မှသာ နိုင်ငံတကာ တရားစီရင်ရေးက ဝင်ရောက်ရတဲ့ အခြေအနေရှိကြောင်း၊ ပြည်တွင်းတည်ဆဲဥပဒေတွေနဲ့ တရားစီရင်ရေးစနစ်က ပြစ်မှုနဲ့ ပြစ်မှုကျုးလွန်သူတွေကို စုံစမ်းစစ်ဆေးနေချိန် နိုင်ငံတကာတရားစီရင်ရေး ဝင်ရောက်တာဟာ ပြည်တွင်း တရားစီရင်ရေး ကျွမ်းကျင်သူတွေကို ချည့်နဲ့ပျက်စီးစေပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ICJ အနေနဲ့ တစ်စုံတရာ ပါဝင်ဆောင်ရွက်စီရင်ခဲ့ရင် မြန်မာနိုင်ငံကပဋိပက္ခဟာ ပိုပြီး ကြီးမား ဆိုးဝါးသွားမှာ ဖြစ်တဲ့အတွက် ဒီစွဲချက်နဲ့ တရားစီရင်ခြင်းမလုပ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တင်ပြခဲ့ပါတယ်။
ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ဒုက္ခသည်တွေကို လုံခြုံစိတ်ချစွာ ပြန်ခေါ်နိုင်ဖို့ ကြိုးပမ်းနေကြောင်း၊ ရခိုင်ပြည်နယ်က လူမျိုးစုအားလုံးရဲ့ အခြေခံလူ့အခွင့်အရေးတွေ ရရှိရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်နေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က တင်ပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် တင်ပြအပြီးမှာ မြန်မာနိုင်ငံဘက်က ဥပဒေရေးရာ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေ ဒေါက်တာရှိတ်ဖားက... ဂမ်ဘီယာက စွပ်စွဲထားသလို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်လိုတဲ့ဆန္ဒ မတွေ့ရတဲ့အကြောင်း၊ အရင် စီရင်ခဲ့တဲ့အမှုတွေနဲ့ နှိုင်းယှဉ်ပြီး ချေပလျှောက်ထားခဲ့ပါတယ်။