နိုင်ငံတော် အတိုင်ပင်ခံရဲ့ ရှင်းလင်းချက်
2019.12.11

နယ်သာလန်နိုင်ငံ The Hague မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဂမ်ဘီယားနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် စွပ်စွဲထွက်ဆိုချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ရုံးတော်ကြီးမှာ ခုလိုပါဝင်တက်ရောက်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်လို့ ပြောဆိုပါတယ်။
ရုပ်ဝတ္တုပိုင်းအရ ကြွယ်ဝမှုအားနည်းတဲ့ မြန်မာနိုင်ငံလို နိုင်ငံတွေအဖို့ ဒီရုံးတော်ဟာ နိုင်ငံတကာ တရားမျှတရေး အတွက် ခိုနားအားထားရာနေရာဖြစ်ပါတယ်လို့ ပြောပါတယ်။
စိတ်မကာင်းစရာအချက်ကတော့ ဂမ်ဘီယာနိုင်ငံရဲ့ ရုံးတော်ကို တင်ပြလျှောက်ထားချက်ဟာ အချက်အလက် ပြည့်စုံမှု မရှိတဲ့အပြင် နားလည်မှုလွဲမှားစေနိုင်တဲ့ အနေအထားနဲ့ ပုံဖော်ပြီးမပြည့်မစုံ တင်ပြထားတာကို တွေ့ရှိရတာဖြစ်ပါတယ်။ ရုံးတော်အနေနဲ့ စိတ်ခံစားမူကင်းရှင်းစွာနဲ့ တိကျမှန်ကန်စွာ အကဲဖြတ်နိုင်ရေးဟာ အလွန်အရေးကြီးပါတယ်လို့ ပြောပါတယ်။
တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ဒေသ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုတွေဟာ အာဆာအကြမ်းဖက် အဖွဲ့ရဲ့ ရဲစခန်းတွေကို တိုက်ခိုက်မှုက စတင်ခဲ့တာဖြစ်တယ်လို့ထောက်ပြပါတယ်။ ဒါပေမဲ့ ဂမ်ဘီယာနိုင်ငံရဲ့ ရွေးချယ်တင်ပြချက်တွေထဲမှာ ဒီပဋိပက္ခအခြေအနေကို ဖော်ပြထားတာ မရှိဘူးလို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်က အကြမ်းဖက်သူများကို တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး နယ်မြေ ရှင်းလင်းရေး clearance operation ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဒီအသုံးအနှုန်းကို အဓိပ္ပါယ်တလွဲဖွင့်နေတာကိုလည်း ရှင်းလင်းပါတယ်။
ဒီစကားအသုံးအနှုန်းကို ၁၉၅၀ ခုနစ်များအချိန်က ကွန်မြူနစ်များကို နှိမ်နင်းချိန်က အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ အကြမ်းဖက်သမားနှိမ်နင်းရေးမှာ စစ်တပ်က သုံးတဲ့စကားလုံးဖြစ်တယ်လို့ ပြောပါတယ်။
တဆက်တည်း ဒီစစ်ဆင်ရေးမှာ လေတပ်အင်အားကို တပ်နိုင်သမျှ သုံးခဲ့ခြင်းမရှိဘဲ တပ်မတာ်သားတွေကို ကယ်ထုတ်ဖို့ ရဟတ်ယာဉ်တစ်စင်းကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
ရဟတ်ယာဉ်ပေါ်က ပစ်ခတ်မှုတွေရှိရာ အကြမ်းဖက်တိုက်ခိုက်မှုမှာ မပါဝင်သူတွေလည်း ထိခိုက်ဒဏ်ရာရနိုင် တယ်လို့ ပြောပါတယ်။
စစ်တပ်ဆောင်ရွက်ခဲ့တဲ့ တချို့ဖြစ်စဉ်တွေများ စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို သတိမမူမိဘဲ အင်အားမမျှမတ သုံးခဲ့တာမရှိဘူးလို့ တပ်အပ်မပြောနိုင်ပါဘူးလို့လည်း ပြောပါတယ်။ ကျေးရွာတွေမှာလည်း ပိုင်ဆိုင်မှုပစ္စည်းတွေကို ဖျက်ဆီးခြင်း၊ လုယက်ခြင်းကိုကျူးလွန်တဲ့ အရပ်သားတွေကို ဟန့်တားရာမှာ အားနည်းချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါတွေကို မြန်မာအစိုးရ တာဝန်ရှိသူများ ဆုံးဖြတ်ရန်မဟုတ်ဘဲ ရာဇဝတ်မူဆိုင်ရာ စီရင်မှုလုပ်ငန်းတွေနဲ့ ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ပစ်မူကျူးလွန်သူတွေကိုလည်း အပြစ်ဒဏ်တွေပေးခဲ့သလို ခုလည်း ပြစ်မူကျူးလွန်သူတွေကို စစ်ခုံရုံးဖွဲ့ စစ်ဆေးနေတယ်လို့ ပြောဆိုခဲ့သလို ရခိုင်ပြည်နယ်တွင်းသာမက မြန်မာနိုင်ငံအတွင်း လူအခွင့်အရေး ချိုးဖောက်မှုကို လုံးဝသည်းခံခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
အစိုးရဟာ မြန်မာတပ်မတော်အပေါ် တာဝန်မခံဘူးဆိုပြီး ဂမ်ဘီယာဘက်က ပြောဆိုသွားတာနဲ့ ပတ်သက်လို့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၀ ခ မှာ ဖော်ပြထားတဲ့ "တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စများကို လွတ်လပ်စွာ စီမံပိုင်ခွင့်ရှိတယ်" ဆိုတဲ့ အချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တာဝန်ခံမှုအပိုင်းကို ပြည်တွင်းပြစ်မှုဆိုင်ရာ တရားစီရင်ရေးက ဆောင်ရွက်ရမယ် ဆိုတာ သတ်မှတ်ထားတဲ့စံပဲဖြစ်တယ်လို့ ပြောပါတယ်။ ပြည်တွင်းဆောင်ရွက်မှု မအောင်မြင်ဘူးဆိုမှသာ နိုင်ငံတကာတရားစီရင်ရေးက ဆောင်ရွက်နိုင်မည့် အနေအထားဖြစ်လာနိုင်ပါတယ်လို့လည်း ပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံက ဆက်လက်ပြီး နိုင်ငံခေါင်းဆောင်တွေ နိုင်ငံတကာ အဖွဲ့အစည်းတွေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ ရခိုင်ပြည်နယ်က အသိုင်းအဝိုင်းနှစ်ခု ကွဲပြားသွားစေမယ့် မီးလောင်ရာ လေပင့်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုတို့ကို ထိခိုက်စေတယ်ပါတယ်။ ဒီပြောဆိုချက်တွေဟာ အမုန်းစကားတွေလို သဘောပဲဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။