သေဒဏ်ကျ မြန်မာနှစ်ဦးကို ကူညီ ဖို့ ဒေါ်အောင်ဆန်းစုကြည် ကို တောင်းဆို
2015.12.27

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့နေအိမ်ရှေ့မှာ ဆန္ဒပြသူတွေက ဒီကနေ့ ညနေပိုင်းက ရောက်ရှိလာကြပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကူအညီပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေးအမြဲပြောသူဖြစ်တာကြောင့် မြန်မာနိုင်ငံသား ၂ ဦး အရေးအတွက် အကူအညီပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ လာရောက်ဆန္ဒပြနေတဲ့ သံဃာတစ်ပါးက မိန့်ပါတယ်။
"ဒေါ်စုလူ့အခွင့်အရေးကိုအမြဲတမ်းပြောပါတယ်၊ ဒီကလေးတွေမှာ လူ့အခွင့်အရေး မရှိဘူးလား၊ ဒေါ်စုနှုတ်ကထွက်ခဲ့ တဲ့ လူ့အခွင့်အရေးစကားတွေ ဘယ်ရောက်နေလဲ၊ ဒီကလေးတွေ သေသွားတာကအသက် ၂ ချောင်းပါပဲ၊ မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာပြည်သူ၊ ဘာသာပေါင်းစုံရဲ့ ဂုဏ်သိက္ခာတွေ ကျဆုံးပါတယ်"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဆန္ဒပြသံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေ ကို တွေ့ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်တော့မှ ကတိတစ်ခုကို လွယ်လွယ် မပေးကြောင်း နဲ့ တရားဥပဒေကြောင်းအရ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးမယ် ဆိုတာကို ပြောမှာ ဖြစ်ကြောင်း ဆန္ဒပြသူတွေကို ဦးဝင်းထိန် က ပြောကြားခဲ့ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်က ဘယ်တော့မှ ဂတိတစ်ခုကိုလွယ်လွယ်မပေးဘူး၊ တရားဥပဒေကြောင်းအရ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးမယ်ဆိုတဲ့ စကား ပဲပြောနိုင်တယ်၊ နိုင်ငံရေးကိုစိတ်လှုပ်ရှားမှုနဲ့ လုပ်လို့မဖြစ်ဘူး၊ လုပ်လည်းမလုပ်ခဲ့ဘူး၊ ဒေါ်စုကိုယ်တိုင်က တရားဥပဒေစိုးမိုးရေးနဲ့ တည်မြဲရေး ဥက္ကဌဆိုတော့ အားလုံးကိုဥပဒေ တိုင်းပဲလုပ်တယ်၊ ခံစားချက်နဲ့ အလုပ်မလုပ်ဘူး"
မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခနဲ့ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂတို့ ဦးဆောင်ပြီး ဒီကနေ့ ရွှေတိ ဂုံစေတီတော်မှာ မြန်မာနှစ်ဦးလွတ်မြောက် ဖို့အတွက် ဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်း စုကြည် နေအိမ်ရှေ့ကို လမ်းလျှောက်လာခဲ့ကြတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးအနီးမှာလည်း ဆန္ဒပြသူတွေက ပိုစတာတွေ ကိုင်ဆောင်ပြီး ၄ ရက် မြောက်နေ့ အဖြစ် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။