ဒေါ်အောင်ဆန်းစုကြည်က ပညာရေးစနစ် လူတိုင်း အတွက်ဖြစ်ရမယ်လို့ ပြောကြား
2013.06.30
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အခွင့်ထူးခံလူတန်းစားတစ်ရပ်အတွက် မဟုတ်ဘဲ လူတိုင်း အတွက်ဖြစ်ရမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
နေပြည်တော်မှာ ဇွန်လ (၂၉) ရက်နဲ့ (၃၀) ရက် ၂ ရက်ကြာကျင်းပခဲ့တဲ့ Empowering Higher Education ခေါ် အဆင့်မြင့်ပညာရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။
ပညာကို လူတိုင်း အတူတကွ သင်ယူနိုင်ခြင်းအားဖြင့် တိုင်းရင်းသားလူမျိုးစုတွေကြား အပြန်အလှန် အလေးထားမှု ရစေနိုင်သလို၊ မြန်မာပြည် စည်းလုံး ညီညွတ်မှုနဲ့ အေးချမ်း သာယာမှုကိုလည်း ရစေနိုင်ပါတယ်။
ဒါကြောင့် ပညာရေးမှာ အားလုံးပါဝင်နိုင်ဖို့ အရေးကြီးပြီး၊ အနာဂတ် မြန်မာနိုင်ငံအတွက် ရည်ရွယ်တဲ့ ပညာရေးမျိုးဖြစ်ဖို့ လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
ပညာရေးစနစ်၊ ပညာရေးကဏ္ဍဟာ နိုင်ငံတနိုင်ငံအတွက်သာမက ကမ္ဘာ့နိုင်ငံအားလုံးအတွက် အလွန် အရေးကြီးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။
ဒီအဆင့်မြင့်ပညာရေးဆိုင်ရာ ဆွေးနွေးပွဲကို British Council က ကြီးမှူးကျင်းပတာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပညာရေးဝန်ကြီးဌာနက ဒေါက်တာမျိုးမြင့်၊ ဒေါက်တာချမ်းငြိမ်း၊ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟန်သာမြင့်၊ NLD ပညာရေးကွန်ယက်က ဒေါက်တာသိန်းလွင် အပါအဝင် ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေ၊ လူငယ်ကျောင်းသားတွေ၊ ပညာရေး စိတ်ဝင်စားသူတွေ၊ အစိုးရမဟုတ်တဲ့ လူထုအခြေပြု လူ့အဖွဲ့ အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။