ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး ဒေါ်အောင်ဆန်း စုကြည်နဲ့ ဦးအောင်မင်း ဆွေးနွေး


2015.12.23
dassk-aungmin-620.jpg ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ MPC အဖွဲ့ဝင်တွေ ဒီဇင်ဘာလ ၂၃ ရက်နေ့က နေပြည်တော် မှာ တွေ့ဆုံဆွေးနွေးကြစဉ်
Photo: NLD Chairperson Facebook

လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပရေးနဲ့ ပတ်သက်ပြီး ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ဝန်ကြီး ဦးအောင်မင်းတို့ နေပြည်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး အဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာအဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အသိအမှတ်ပြုကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့တယ်လို့ ဒီဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။

"သူတို့ဘက်က တင်ပြတာကတော့ အပစ်ခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ သူတို့ လုပ်ဆောင်ခဲ့တာတွေ၊ နောင်အလားအလာတွေ အထူးသဖြင့် ဇန်နဝါရီလ ၁၂၊ ၁၃၊ ၁၄ မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ညီလာခံလုပ်မယ့်ကိစ္စတွေ တင်ပြတာပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ပေါ့ MPC ကအဖွဲ့ အခုထိလုပ်ဆောင်မှုတွေကို အသိမှတ်ပြုတယ်၊ တန်ဖိုး ထားတယ် နောက်အစိုးရကာလမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ ထဲက ကောင်းမွန်တဲ့အချက်တွေကို အခြေခံပြီး ဆက်လက်ဆောင်ရွက်သွားမယ်၊ လက်ရှိ MPC ရဲ့ အနေအထား ကိုလည်း ပြန်လည်သုံသပ်သွားမယ်ပေါ့ အဲ့ဒါတွေဆွေးနွေးပါတယ်"

လာမယ့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး အဲဒီညီလာခံမှာ အစိုးရ၊ လွှတ်တော် ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်စုစုပေါင်း ၇၀၀ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

တက်ရောက်ခွင့်ရမယ့် ကိုယ်စားလှယ်တွေကို ဖိတ်ကြားဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီရဲ့ အစည်းအဝေးကို လာမယ့်ဇန်နဝါရီလ ၅ ရက်နေ့မှာ ရန်ကုန်မြို့မှာ ကျင်းပပြီး ဖိတ်ကြားမယ့် သူတွေရဲ့စာရင်းကို ထုတ်ပြန်မယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ဦးဝင်းထိန် ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။