ပြည်သူ့ဆန္ဒမပါပဲ ရွေးကောက်ပွဲ စနစ် မပြောင်းသင့်


2014.10.27
dassk-kawmu-305.jpg ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာမှာ အောက်တိုဘာလ ၂၅ ရက်နေ့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ Hospitality and Catering Training Academy သင်တန်းကျောင်းဖွင့်ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
Photo: Kyaw Zaw Win, Kyaw Lwin Oo/RFA

ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်မပါဘဲနဲ့ ပြည်သူတွေရဲ့ ဆန္ဒရှင်းရှင်းလင်းလင်းမပါပဲနဲ့ ရွေးကောက်ပွဲစနစ်ကို မပြောင်းသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပီအာ ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကျင့်သုံး ဖို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးနေကြတာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောကြားလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ကို ဒီနေ့ သွားရောက်လေ့လာကြတဲ့ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်က အန်အယ်လ်ဒီ ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြည်သူ့ လွှတ်တော်တွင်း ဆွေးနွေးနေတဲ့ ပီအာစနစ်ရှစ်မျိုးနဲ့ ပတ်သက်ပြီး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

"ရွေးကောက်ပွဲစနစ် ရွေးချယ်တဲ့နေရာမှာ ပြည်သူက အဓိကပါဝင်ရမယ်ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ အခြေခံမူပဲ၊ ပြည်သူရဲ့ဆုံးဖြတ်မှုမပါပဲနဲ့ ပြည်သူ့ ရဲ့ဆန္ဒ ရှင်းရှင်းလင်းလင်းမပါပဲနဲ့ ရွေးကောက်ပွဲ စနစ် ပြောင်းလဲတယ်ဆိုတာ လုံးဝမဖြစ်သင့်ဘူး၊ ဒါလည်း ပြည်သူနားလည်တယ်၊ အရင်တုန်းက နှစ်ပေါင်းများစွာ လက်ခံခဲ့တဲ့စနစ်ဟာ ပြည်သူတွေက ဘာမကျေနပ်လို့လဲ၊ ပြည်သူတွေက ဘာမသင့်တော်ဘူးလို့ ထင်လို့လဲ၊ ဘာမှလည်း ကျမတို့မကြားရပဲနဲ့ လွှတ်တော်ကပဲ ဆုံးဖြတ်တယ်ဆိုတာ ဒါဟာပြောင်းပြန်ဖြစ်နေတယ်၊ ပြည်သူရဲ့ဆန္ဒကို လွှတ်တော် ကနေ ရောင်ပြန်ဟပ်ရမှာ၊ လွှတ်တော်ရဲ့ဆန္ဒကို ပြည်သူက ရောင်ပြန်ဟပ်ရမှာ မဟုတ်ဘူး"

ပြည်သူ့လွှတ်တော်မှာ PR စနစ်နဲ့၊  PR နဲ့ လက်ရှိကျင့်သုံးနေတဲ့ FPTP စနစ်ကို ပေါင်းစပ်ထားတဲ့ ရွေးကောက်ပွဲစနစ် ၈ မျိုးကို စတင်ဆွေးနွေးနေတာဖြစ်ပြီး ဆွေးနွေးဖို့ စာရင်းပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၆ ယောက်ထဲက ဒီနေ့ ၁၁ ယောက် ဆွေးနွေးကြတာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို လက်မခံကြောင်း ပြောဆိုထားပြီး ဖြစ်ပါတယ် ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒီနေ့ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေထဲမှာ ပီအာကိုလက်ခံတဲ့ ကိုယ်စားလှယ်တွေရှိသလို PR နဲ့ FPTP ရောစပ်ထားတဲ့စနစ်ကို ထောက်ခံဆွေးနွေးသူတွေ ရှိပါတယ်။

ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ပီအာစနစ် ၈ မျိုးထဲက တစ်မျိုးမျိုးအတည်ဖြစ်သွားရင် အဲဒီစနစ်ကို တိုင်းဒေသကြီးတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ကျင့်သုံးမှာဖြစ်ပြီး ပြည်နယ်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ မပါဝင်ဘူးလို့ သိရပါတယ်။

ပြည်သူ့လွှတ်တော်မှာ ပီအာစနစ် ဆွေးနွေးနေကြတဲ့အပေါ် မတူညီတဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုကျော်သူ စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။