ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အဂတိနှစ်မှု လာမယ့်ရုံးချိန်းမှာ အမိန့်ချမည်

2022.10.04
ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အဂတိနှစ်မှု လာမယ့်ရုံးချိန်းမှာ အမိန့်ချမည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Photo: Reuters

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံကနေ ဒေါ်လာတွေ လက်ခံရယူခဲ့တယ်ဆိုပြီး စွပ်စွဲထားတဲ့ အဂတိမှုနှစ်မှုကို အောက်တိုဘာ ၁၂ ရက် လာမယ့်ရုံးချိန်းမှာ အမိန့်ချဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အောက်တိုဘာ ၄ ရက် ဒီနေ့ ရုံးချိန်းလာရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး ကောင်းမွန်တယ်လို့လည်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီနေ့ ရုံးချိန်းမှာ နှစ်ဖက်လုံးက လျှောက်လဲချက်ပေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိကြောင်းနဲ့ ဒီငွေတွေဟာ ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းတဲ့ ငွေတွေဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဘက် ရှေ့နေတွေက လျှောက်လဲ ချက်ပေးခဲ့ကြတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအမှုဟာ ဦးမောင်ဝိတ်က သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေစေဖို့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း လှူဒါန်းငွေအဖြစ် အကြောင်းပြပေးအပ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ငါးသိန်းငါးသောင်းကို ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်တွင်း လေးကြိမ်ခွဲ လက်ခံရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှုနှစ်မှုဖြစ်ပါတယ်။

မေလ ၃၁ ရက် ရုံးချိန်းမှာ တရားလိုပြသက်သေအဖြစ် ဦးမောင်ဝိတ်ကိုယ်တိုင် လာရောက် ထွက်ဆိုချိန်က ငွေတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ အသုံးပြုဖို့သာရည်ရွယ်ပြီး လှူခဲ့ တဲ့အကြောင်း ထွက်ဆိုခဲ့သလို အဲဒီရုံးချိန်းမှာပဲ ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ကန်တော့ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့က အဲဒီအမှုနဲ့ပတ်သက်တဲ့ ရုံးချိန်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်က အပြစ်မရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၉ ရက် ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ်နဲ့ ဝန်ကြီးသုံးဦးကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ-၃ (၁) (ဂ)နဲ့ ထောင်သုံးနှစ်စီ ချမှတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အမှုပေါင်း ၁၉ မှုနဲ့ တရားရင်ဆိုင်နေရပြီး အဲဒီအထဲက အမှု ၁၂ မှုအတွက် ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရသလို ကျန်တဲ့အမှုတွေကိုလည်း နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ ဆက်လက်တရားရင်ဆိုင်နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက ထောင်ဒဏ်တွေ ထပ်မံချမှတ်နေတာကို အပြင်းအထန် ရှုတ်ချကြောင်းနဲ့ သူအပါအဝင် ဖမ်းဆီးခံထားရတဲ့သူတွေကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။