ဒေါ်အောင်ဆန်းစုကြည် အဂတိအမှုသစ် နှစ်ခုနဲ့ ထပ်တိုးစစ်ဆေးခံရ
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ဆီကနေ ဒေါ်လာတွေ လက်ခံရယူခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ အဂတိအမှုသစ် နှစ်မှုကို မေလ ၂ ရက်နေ့ ဒီနေ့ နေပြည်တော်က အထူးတရားရုံးမှာ ပထမဆုံးအကြိမ် စစ်ဆေးခဲ့ တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဦးမောင်ဝိတ်က သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေစေဖို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လှူဒါန်းငွေအဖြစ် အကြောင်းပြပေးအပ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ငါးသိန်းငါးသောင်းကို ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်အတွင်း လေးကြိမ်ခွဲပြီးတော့ လက်ခံရ ယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားတဲ့အမှု နှစ်မှု ဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်းမှာတော့ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးရဲထက်ကို စတင်စစ်မေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို သတင်းမီဒီယာတွေနဲ့ ပြောဆိုခွင့် ပိတ်ပင်ထားတဲ့အတွက် ဒီနေ့ စစ်မေးချက်အခြေအနေတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာတွေ ပေးခဲ့တယ်ဆိုတဲ့အကြောင်း သူကိုယ်တိုင် ဝန်ခံထွက်ဆိုတဲ့ ဗီဒီယိုဖိုင်တစ်ခုကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြဝတီ ရုပ်သံလိုင်းကနေ ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ထုတ်လွှင့်ခဲ့တာပါ။
ဒါပေမဲ့ အဲဒီအမှုကို အခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့ကမှ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၅) နယ်မြေ ရဲစခန်းမှာ စတင်အမှုဖွင့်ခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ ပထမဆုံးအကြိမ် တရားရုံးမှာ ကြားနာတာလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ ဒေါ်လာ တွေ လက်ခံရယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့လည်း ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကမှ ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရတာပါ။
စစ်ကောင်စီက အခုလို တရားစွဲဆိုတာတွေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးသိက္ခာ ချချင်လို့ ပြုလုပ်တာဖြစ်သလို နိုင်ငံရေးလောကကနေ သူ့ကို အပြီးတိုင် ဖယ်ထုတ်နိုင်ရေး ကြိုးပမ်းချက်တွေ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောဆိုကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အမှုပေါင်း ၁၉ ခုနဲ့ တရား စွဲဆိုခံထားရတာပါ။ လက်ရှိမှာ အမှု ခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရ ပါတယ်။ ဒါကြောင့် သူဟာ အမှု ၁၃ မှုနဲ့ ဆက်လက်တရားရင်ဆိုင်နေရပါတယ်။