ဒေါ်အောင်ဆန်းစုကြည် အဂတိမှုစွပ်စွဲချက်အတွက် ဒုသမ္မတကို အပြီးသတ်စစ်ဆေး

RFA Burmese
2022.12.19
ဒေါ်အောင်ဆန်းစုကြည် အဂတိမှုစွပ်စွဲချက်အတွက် ဒုသမ္မတကို အပြီးသတ်စစ်ဆေး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရစဉ်။
SAI AUNG MAIN / AFP

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံထားရတဲ့ အဂတိအမှုတွေ အတွက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ဒီဇင်ဘာလ ၁၉ ရက် ဒီနေ့ရုံးချိန်းမှာ အပြီးသတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေကနေ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပေဒပုဒ်မ - ၅၅ နဲ့ အမှုငါးမှု စွဲထားတာပါ။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကတော့ ရဟတ်ယာဉ်ဝယ်ယူရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေလုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ ဆောင်ရွက်ခဲ့တာလို့ သက်သေထွက်ဆိုခဲ့ပါတယ်။

ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းမှုတွေမှာ အဓိကတာဝန်ရှိတဲ့ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဖြစ်ပါတယ်။ ဒီကနေ့ သူက စွပ်စွဲခံရသူတွေဘက်က တင်သွင်းတဲ့ သက်သေအဖြစ်နဲ့ နေပြည်တော် အချုပ်ထောင်တွင်း တရားခွင်ကို လာရောက်ထွက်ဆိုခဲ့တာပါ။

အခုစွဲဆိုထားတဲ့ အမှုငါးမှုမှာ သုံးမှုအတွက် ဒီဇင်ဘာ ၁၂ ရက်နေ့က ထွက်ဆိုခဲ့ပြီး ကျနေတဲ့ နှစ်မှုအတွက် ဒီနေ့ရုံးချိန်းမှာ ဆက်လက်ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုတွေမှာ စွပ်စွဲခံရသူတွေဘက်က တင်ပြတဲ့ သက်သေ ငါးဦးရှိပြီး ဒီနေ့အထိ လေးဦး စစ်ဆေးပြီးစီးခဲ့တာကြောင့် မနက်ဖြန်ရုံးချိန်းမှာ နောက်ဆုံးကျန်တဲ့ သက်သေတစ်ဦးကို ဆက်လက်စစ်ဆေးဖို့ ရှိနေပါတယ်။

နောက်ဆုံးသက်သေကို စစ်ဆေးပြီးရင် အပြီးသတ်လျှောက်လဲချက်နဲ့ အမိန့်ချတဲ့ အဆင့်တွေကို ရောက်ရှိတော့မှာဖြစ်လို့ အမှုတွေပြီးပြတ်ဖို့နီးလာပြီလို့ တရားရုံးနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန် နိုင်ငံတော်အကြီးကဲတွေ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပေမယ့် ဦးဟင်နရီဗန်ထီးယူဟာ ဒုတိယသမ္မတရာထူးနဲ့ ဆက်ရှိနေပြီး ဖမ်းဆီးတရားစွဲဆိုခံရတာ မရှိပါဘူး။

အသက် ၇၈ နှစ်ရွယ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှု ၁၉ မှုနဲ့ စွပ်စွဲတရားစွဲဆို ခံထားရသလို အဲဒီအထဲက အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရပါ။

လက်ရှိ တရားရင်ဆိုင်နေရတဲ့ အမှုငါးမှုဟာ နောက်ဆုံးကျန်နေတဲ့အမှုတွေ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်အသစ်တွေ ထပ်မံချမှတ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ သူအပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။