စွပ်စွဲခံရတဲ့ အဂတိမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထွက်ဆိုမှု ပြီးစီး
2022.11.28

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီဘက်က စွပ်စွဲပြီး တရားစွဲဆိုထားတဲ့ အမှုတွေထဲက နောက်ဆုံးကျန်နေတဲ့ အဂတိအမှု ငါးမှုစလုံးအတွက် ကိုယ်တိုင်တရားရုံးမှာ ထွက်ဆိုမှုဟာ နိုဝင်ဘာလ ၂၈ ရက် ဒီနေ့ရုံးချိန်းမှာပဲ ပြီးစီးသွားပြီလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအမှုတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကနေ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်း၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ သက်ဆိုင်တဲ့ အမှုငါးမှုဖြစ်ပါတယ်
ရာဇသတ်ကြီးအမှုမှတ် ၄၆ ကနေ ၄၇၊ ၄၈၊ ၄၉၊ ၅၀ အထိ အမှုငါးမှုရှိပြီး အရင်တစ်ပတ်ရုံးချိန်းမှာ အမှုအမှတ် ၄၆ အတွက် ထွက်ဆိုခဲ့ပြီး ဒီနေ့ရုံးချိန်းမှာ ကျန်လေးမှုအတွက် ကိုယ်တိုင်ထွက်ဆိုမှု ပြီးစီးခဲ့တာလို့ ဆိုပါတယ်
ဒေါ်အောင်ဆန်းစုကြည်ဟာ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်း၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်လို့ လုပ်ထုံး လုပ်နည်းတွေအတိုင်းသာ ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တဲ့အတွက် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
နိုဝင်ဘာလ ၂၉ ရက် မနက်ဖြန်မှာလည်း ဒီမှုတွေနဲ့ ပတ်သက်လို့ ရုံးချိန်းခေါ်ဆိုထားပေမယ့် တရားရုံးက ဘာတွေ ဆက်လက်ဆောက်ရွက်မယ်ဆိုတာ မသိရသေးဘူးလို့လည်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အသက် ၇၈ နှစ်ရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အမှုပေါင်း ၁၉ မှုနဲ့ စွပ်စွဲခံရပြီး တရားစွဲခံထားရသလို အဲဒီအထဲက အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရပါ။
ဒါကြောင့် အခုစစ်ဆေးနေတဲ့ အမှုငါးမှုအတွက်ပဲ ဆက်လက် တရားရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်အသစ်တွေ ထပ်မံချမှတ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ သူအပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့ ပြင်သစ်နိုင်ငံက အောက်တိုဘာ ၁၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။