ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောမည်
2016.01.11

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်းကို ပြောကြားမှာ ဖြစ်ပါတယ်။
မနက်ဖြန် ဇန်နဝါရီလ ၁၂ ရက်နေ့ နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်မှာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနား အပြီးမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားမှာ ဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့် က ပြောပါတယ်။
"ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမှာပါ၊ ကျနော်တို့ အစုအဖွဲ့အလိုက်ပေါ့ ခေါင်း စဉ် ၅ ခုနဲ့ NCA ထဲမှာပါတဲ့ သဘောတူညီထားတဲ့ကိစ္စရပ်တွေ ဘယ်လိုဆွေးနွေးကြမလဲဆိုပြီးတော့ အစု အဖွဲ့တွေထဲမှာ ဆောင်ရွက်မှာဖြစ်ပါတယ်"
အဲဒီညီလာခံမှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦး ရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကလည်း မိန့်ခွန်း ပြောကြားဖို့ရှိတယ်လို့ သတင်းတွေထွက်နေပေမယ့် မြန်မာငြိမ်းချမ်းရေးစင်တာက အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
ညီလာခံကို ၅ ရက်ကြာကျင်းပမှာဖြစ်ပြီး အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ် စုစုပေါင်း ၇၀၀ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
ညီလာခံ ဒုတိယမြောက်နေ့မှာတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေထဲက အစုအဖွဲ့တွေက ကဏ္ဍအလိုက် ခေါင်းစဉ် ၅ ခု ကို ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား သဘောတူညီထားတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်တွေထဲက အဓိကအကြောင်းအရာတွေကို ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။
ဦးညိုအုန်းမြင့်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။