KNPP တပ်ဖွဲ့ဝင် ၄ ဦးကို ဥပဒေမဲ့ သတ်ဖြတ်တာ မဟုတ်ကြောင်း ဒကစ (လွိုင်ကော်) စာထုတ်
2017.12.25

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၀ ရက်နေ့က ကရင်နီအမျိုးသားတိုးတက်ရေးပါတီက တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တာဟာ နှစ်ဖက်တိုက်ပွဲတွေကြောင့် သေဆုံးခဲ့တာဖြစ်ပြီး တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ပြီး ဥပဒေမဲ့ သတ်ဖြတ်ခဲ့တာ မဟုတ်ဘူးလို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ KNPP က တပ်မတော်ဘက်က ဥပဒေမဲ့သတ်ဖြတ်မှုကို အပြင်းအထန်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ခဲ့ပြီးနောက် အဲဒီကြေညာချက်အပေါ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( လွိုင်ကော်) ဘက်က ထုတ်ပြန်ချက် ပြန်လည်ထုတ်လိုက်တာလို့ KNPP ပါတီအတွင်းရေးမှူး (၂) ခူးဒယ်နီယယ် က ပြောပါတယ်။
"statement ပြန်ထုတ်တဲ့ သဘောမျိုးပဲ။ ကျနော်တို့ အဲဒီမှာက ရဲဘော်လေးယောက်နဲ့ ရွာသား တစ်ဦးပဲ။ ၁၅ ယောက် ဆိုတာမရှိဘူး။ ဆက်ကြေးက လမ်းမှာကောက်တဲ့သဘောမျိုး မဟုတ်ဘူးလေ။ တစ်ခါမှမရှိပါဘူး။ တရားမဝင်သစ်မှောင်ခိုတွေ၊ မူးယစ်ဆေးဝါးတွေ စုံစမ်းလေ့လာတဲ့နေရာ ယာယီနေရာတစ်ခုပါပဲ။ ဒါပေမဲ့ ဒီဟာက အခုမှမဟုတ်ဘူး။ ယာယီသွားလာနေထိုင်တာက ၃ ၊ ၄ နှစ်လောက်ရှိပြီပေါ့"
ပျောက်ဆုံးနေတယ်လို့ ယူဆထားသူတစ်ဦးက ရွာသားမဟုတ်ဘဲ KNPP ရဲ့ တပ်ဖွဲ့ဝင်ဖြစ်ပြီး လက်ရှိမှာ တပ်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်းနဲ့ သေဆုံးသွားသူ ၄ ဦးထဲမှာ တစ်ဦးက ရွာသားဖြစ်တယ်လို့ ခူးဒယ်နီယယ် ကပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ KNPP က လွိုင်ကော်မြို့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ ရှိပါတယ်။
တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ရွာသား ၁ ဦး သေဆုံးမှုနဲ့ ပတ်သက်လို့ နှစ်ဖက်ကိုယ်စားလှယ်တွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့ နိုင်ငံတကာဥပဒေပညာရှင်တွေပါဝင်တဲ့ ခုံရုံးတစ်ခု ဖွဲ့စည်းပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ KNPP ဘက်က တောင်းဆိုထားပါတယ်။